“တရုတ်ပြည်နဲ့ ကုန်သွယ်မှု ပြုလုပ်”ဖို့ ရွေးချယ်တဲ့ နိုင်ငံခြား ကုမ္ပဏီ တစ်နေ့ထက်တစ်နေ့ များလာနေ

(GMT+08:00)2022-10-13 12:38:41  

   မကြာခင်က ကျင်းပခဲ့တဲ့ ဘာလင် စက်ယန္တရား အင်ဂျင်နီယာ ထိပ်သီး အစည်းအဝေးမှာ တရုတ်ပြည်နဲ့ စီးပွားကုန်သွယ်မှု ထိန်းသိမ်းထားခြင်းဟာ လူအများ စိတ်ဝင်တစား ဆွေးနွေးနေကြတဲ့ ကိစ္စတစ်ရပ် ဖြစ်လာခဲ့တယ်။ ဂျာမဏီ ဝန်ကြီးချုပ်  Schultz က ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး “ချိတ်ဆက်မှု ဖြတ်တောက်ခြင်း”ဟာ လုံးဝ မှားယွင်းတဲ့ နည်းလမ်း ဖြစ်၍ တရုတ်ပြည် အပါအဝင် နိုင်ငံများစွာနဲ့ အရောင်းအဝယ် ပြုလုပ်ရမယ်လို့လည်း အလေးထား ဖေါ်ပြခဲ့တယ်။ ဥရောပသမဂ္ဂ ကုန်သွယ်ရေး အရာရှိ တွန်ဘူလိုဖ်စကီက တရုတ်နိုင်ငံနဲ့ “ချိတ်ဆက်မှု ဖြတ်တောက်ခြင်း”ဟာ ဥရောပသမဂ္ဂမှ လုပ်ငန်းကုမ္ပဏီများရဲ့ ရွေးချယ် စရာ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံဟာ အရေးကြီးတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်နဲ့ ဖြန့်ဖြူးမှု အရင်းအမြစ် တစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

   နိုင်ငံတစ်ချို့က “ချိတ်ဆက်မှု ဖြတ်တောက်ခြင်း”ဝါဒဖြန့်နေပြီး ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ်မှု အန္တရာယ်လည်း ဆက်တိုက် တိုးများလာနေတဲ့ ခုလို အချိန်အခါမှာ အဲဒီ ဥရောပ အရာရှိတွေရဲ့ ဆင်ခြင်မှုရှိတဲ့ အသံကို နားထောင်သင့်ပါတယ်။ “တရုတ်ပြည်နဲ့ ကုန်သွယ်မှု ပြုလုပ်”ဖို့ ရွေးချယ်တဲ့ နိုင်ငံ တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့ အဓိက အကြောင်းရင်းဟာ တရုတ်နိုင်ငံရဲ့ “ကမ္ဘာ့ဈေးကွက်”နဲ့ “ကမ္ဘာ့စက်ရုံ” ဖြစ်တဲ့ အဆင့်နေရာနဲ့ ခွဲမရဘူး။

   တရုတ်ဈေးကွက်က ဘယ်လောက် ကြီးကျယ်သလဲ။ တရုတ်ပြည်ရဲ့ စီးပွားရေး စုစုပေါင်း ပမာဏဟာ ယွမ် ဘီလီယံ ၁ သိန်း ၁ သောင်း ၄ ထောင်ကျော် ရှိပြီး စားသုံးသူ သန်း ၁၄၀၀ ရှိ၍ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စားသုံးမှု ဈေးကွက် ဖြစ်လာပါပြီ။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကုလသမဂ္ဂမှ သတ်မှတ်တဲ့ စက်မှုလုပ်ငန်း အမျိုးအစားထဲမှာ အမျိုးအစားအလုံးစုံ ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အဓိက စက်မှု ထုတ်ကုန် အမျိုး ၅၀၀ ထဲမှာ တရုတ်ပြည်ရဲ့ ထုတ်ကုန် ၄၀ ရာခိုင်နှုန်းကျော်ရဲ့ ထုတ်လုပ်မှု ပမာဏဟာ ကမ္ဘာ့ ပထမ နေရာမှာ တည်ရှိနေတယ်။

   တရုတ်နိုင်ငံဟာ ဆက်တိုက် တိုးချဲ့နေတဲ့ တံခါးဖွင့်ရေး မူဝါဒနဲ့ ဆက်တိုက် ပြည့်စုံ ကောင်းမွန်လာတဲ့ စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင်နဲ့ နိုင်ငံခြား လုပ်ငန်းရှင်များကို ဆွဲဆောင်နေတယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။