အမေရိကနိုင်ငံများအဖွဲ့ရဲ့ Malvinas ကျွန်းဆိုင်ရာဆုံးဖြတ်ချက်ကို ဗြိတိန် အစိုးရက ကြားခဲ့သလား

(GMT+08:00)2022-10-09 14:55:36  

ဒီလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ၅၂ ကြိမ်မြောက် အမေရိကနိုင်ငံများအဖွဲ့ အစည်းအဝေးမှာ ကိုယ်စားလှယ်များက ဆုံးဖြတ်ချက် တစ်ရပ်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ကာ Malvinas ကျွန်းအပေါ် အာဂျင်တီးနားနိုင်ငံရဲ့ တရားဝင် အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပြီး အငြင်းပွားမှုကို ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့လည်း ပန်ကြားခဲ့ပါတယ်။

မကြာခင်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးမှာ အစည်းအဝေးတက်ရောက်သူများက ဗြိတိန် အပါအဝင် အနောက်နိုင်ငံ များက သမိုင်းမှာ ကိုလိုနီ ပြစ်မှုများကို လေးနက်စွာ ပြန်လည် ဆန်းစစ်ပြီး မှားယွင်းမှုများကို ပြင်ဆင်ဖို့ လှုံ့ဆော်တိုက်တွန်းခဲ့ကြပါတယ်။ အမေရိက နိုင်ငံများအဖွဲ့ အပါအဝင် အဖွဲ့အစည်းများကလည်း ဗြိတိန်နိုင်ငံအား Malvinas ကျွန်းဆိုင်ရာ ပြဿနာကို အာဂျင်တီးနားနဲ့ တိုင်ပင်ဆွေးနွေး ဖြေရှင်းဖို့ ပန်ကြားခဲ့ကြပါတယ်။ ဒါပေမယ့် ဗြိတိန် နိုင်ငံရေးသမားတို့ကတော့ “သမိုင်းဟာ ပုဒ်မကြီးနဲ့ အဆုံးသတ်လိုက်ပြီ”လို့ ဆိုပြီး ငြင်းပယ် ခဲ့တယ်။

“သမိုင်းဟာ ပုဒ်မကြီးနဲ့ အဆုံးသတ်လိုက်ပြီ”ဆိုတာဟာ ဗြိတိန် နိုင်ငံရေးသမားတို့က Malvinas ကျွန်းကို ထာဝစဉ် သိမ်းပိုက်ဖို့အတွက် ရှာကြံတဲ့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းဟာ ပုဒ်မကြီးနဲ့ အဆုံးသတ်နိုင်ပါ့မလား။ ကုလသမဂ္ဂနဲ့ အမေရိကနိုင်ငံများအဖွဲ့ရော တရုတ်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများပါ နိုင်ငံတကာ မိသားစုကြီးက အာဂျင်တီးနားနိုင်ငံအား Malvinas ကျွန်းအပေါ် အချုပ်အခြာအာဏာကို ပြန်လည် သိမ်းယူဖို့ အားပေးထောက်ခံခြင်းဟာ နိုင်ငံတကာ ကျင့်ဝတ်တရား အတွက်သာမကဘဲ ကိုလိုနီဝါဒကို ဆန့်ကျင်ရေးဆိုင်ရာ တရားမျှတတဲ့ ဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။ ဗြိတိန်အနေနဲ့ အဲဒီတရားမျှတတဲ့ အသံများကို မကြားချင်ယောင် မဆောင်သင့်ဘဲ မှားယွင်းမှုများကို ပြင်ဆင်ပြီး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်၍ Malvinas ကျွန်းကို အာဂျင်တီးနားကို အမြန်ဆုံး ပြန်ပေးသင့်တယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။