နျူကလီးယား ကြံစည်မှုသည် ထပ်မံ ရှုံးနိမ့်

(GMT+08:00)2022-10-04 12:52:34  

မကြာခင်က ကျင်းပခဲ့သော နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ ၆၆ ကြိမ်မြောက် ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ ၃ နိုင်ငံတို့အကြား ပြင်းထန်စွာ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ၃ နိုင်ငံတို့၏ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်ရေးအား တရားဝင်စေရန် ရှာကြံသည့် ပြင်ဆင်ရေး မူကြမ်းသည် လုံးဝ ရှုံးနိမ့်သွားခဲ့သည်။ ယင်းသည် ယခုနှစ် စက်တင်ဘာလက နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ ကောင်စီအစည်းအဝေး ကျင်းပခဲ့ပြီးနောက် AUKUS အသိုင်းအဝိုင်းငယ် ၏ ထပ်မံ ရှုံးနိမ့်ခြင်း ဖြစ်သည်။ ယင်းရလဒ်သည် အမေရိကန် ဗိုလ်ကျစိုးမိုးရေး အပေါ် နိုင်ငံတကာ တရားမျှတမှု၏ အနိုင်ရရှိခြင်းဖြစ်ပြီး နိုင်ငံတကာ ပဋိညာဉ်စာချုပ်နှင့် စည်းမျဉ်းစည်းကမ်းများ အပေါ် လေးစားခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းကို ပြသနေသည်။

အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများသည် “စည်းမျဉ်း ဥပဒေများကို အခြေခံသော နိုင်ငံတကာ စည်းစနစ်”ဟု တဖွဖွ ပြောဆိုသော်လည်း ၄င်းတို့၏ ပြောဆိုချက်နှင့် ဖီလာဆန့်ကျင်စွာ ပြုမူလုပ်ဆောင်နေကြသည်။ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃ နိုင်ငံတို့၏ နျုကလီးယား ရေငုပ် သင်္ဘော ပူးပေါင်းဆောင်ရွက်ရေးသည် “နျူကလီးယား မပြန့်ပွားမှု သဘောတူ စာချုပ်”၊ “နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ စည်းမျဉ်းဥပဒေနှင့် သဘောတူစာချုပ်”နှင့် “တောင်ပစိဖိတ် နျူကလီးယား ကင်းမဲ့ရေး သဘောတူစာချုပ်” ဖြစ်သည့် နိုင်ငံတကာ သဘောတူစာချုပ် ၃ ခုကို ကျောခိုင်းနေသည်။ ထို့ကြောင့် ၃ နိုင်ငံတို့၏ နျုကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ ဖော်ဆောင်လျှင် ဒေသတွင်း နျူကလီးယား လုံခြုံရေးနှင့် နျူကလီးယား လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး အပေါ် ဆိုးရွားသော စိန်ခေါ်မှု ဖြစ်လိမ့်မည် ဖြစ်သည်။ သက်ဆိုင်ရာ ပညာရှင်များက ယင်းသည် တစ်ကမ္ဘာလုံး နျူကလီးယား မပြန့်ပွားရေး ဖြစ်စဉ်အပေါ် အလွန်ကြီးမားသော အတားအဆီး တစ်ခု လည်းဖြစ်ကြောင်း ဖော်ပြသည်။

လူသားတို့သည် ခွဲခြား၍ မရသော လုံခြုံရေး အသိုက်အဝန်း ဖြစ်သည်။ နျူကလီးယား လက်နက် မရှိသော ကမ္ဘာကို တည်ဆောက်ရေးနှင့် အေးချမ်းတည်ငြိမ်မှု အတူတကွ ထိန်းသိမ်းကာကွယ်ရေး တို့သည် နိုင်ငံအသီးသီးတို့၏ ဘုံဆန္ဒ ဖြစ်သည်။ ယင်းသည် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃နိုင်ငံ အသိုင်းအဝိုင်းငယ် ဆက်တိုက်ရှုံးနိမ့်သွားခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်သည်။ အမေရိကန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော နိုင်ငံအနေနှင့် နိုင်ငံကြီး မဟာဗျူဟာ ပြိုင်ဆိုင်မှုကို တစ်ယူသန်ဖြစ်ပြီး “နျူကလီးယား မျှဝေမှု”ကို အာရှနှင့် ပစိဖိတ် ဒေသသို့ တင်ပို့ရန် ကြံစည်သည်။ AUKUS ၏ ပျံ့နှံ့မှုသည် အာရှနှင့် ပစိဖိတ်ဒေသ အပါအဝင် တစ်ကမ္ဘာလုံးအား တစ်နေ့တခြား များပြားသော အန္တရာယ်များကို ဆောင်ကြဉ်းလာနေသည်။

လက်ရှိတွင် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီသည် အစိုးရချင်း စိစစ်ရေး အစီအစဉ်ကို စတင်ခဲ့ပြီး အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃ နိုင်ငံတို့၏ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးနေသည်။ ယင်းသည် ပြဿနာကို ဖြေရှင်းရေးအတွက် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ အဆိုပါ ၃နိုင်ငံတို့သည် နိုင်ငံတကာ အစုလိုက်အပြုံလိုက် သေကြေ ပျက်စီးစေသည့် လက်နက်များ မပြန့်ပွားစေရေး စနစ်သို့ အမြန်ဆုံး ပြန်ရောက်သင့်သည်။ ထပ်မံ ကြံစည်ပါက ပိုမိုဆိုးရွားစွာ ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။