တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၃ နှစ်ပြည့်မြောက်ခြင်းအတွက် နိုင်ငံခြား ခေါင်းဆောင်များ ဂုဏ်ပြုကြောင်း သဝဏ်လွှာ အသီးသီး ပေးပို့

(GMT+08:00)2022-10-02 12:17:27  

မကြာခင်ရက်များက နိုင်ငံများစွာမှ ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ခံများသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်ထံသို့ တယ်လီဖုန်းဖြင့်၊ သို့မဟုတ် သဝဏ်လွှာများကို အသီးသီး ပေးပို့ခဲ့ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၃ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ပြုကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

မြောက်ကိုရီးယား အလုပ်သမား ပါတီ အထွေထွေ အတွင်းရေးမှူး ကင်ဂျုံအန်းက အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်ကို အမြုတေပြုထားသော တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ် အစိုးရနှင့် ပြည်သူများသည် အသင့်အတင့် ချမ်းသာသည့် လူ့ဘောင် အဖွဲ့အစည်းကို တည်ထောင် ပြီးစီးပြီဖြစ်၍ ခေတ်မီဆိုရှယ်လစ်နိုင်ငံ ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ်ကို စတင်ခဲ့ကြောင်း၊ တရုတ်အမျိုးသား ပြန်လည်ရှင်သန်ရေးအိပ်မက် အကောင်အထည်ဖော်ဆောင်မည်မှာ မုချမလွဲ ဖြစ်ကြောင်း ဖော်ပြသည်။

ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ငုယင်ပူထရုန်က တရုတ် ကွန်မြူနစ်ပါတီ၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုဖြင့် တရုတ်ပြည်သူများသည် စည်းလုံးညီညွတ်ပြီး အခက်အခဲများကို ကျော်လွှားကာ နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် အလွန် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဖော်ပြသည်။

ရုရှား သမ္မတ ပူတင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၃နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ပြုကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ချောမောအောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

အမေရိကန် သမ္မတ ဘိုင်ဒင်က အမေရိကန်အစိုးရကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၃နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ပြုကြောင်း ဖော်ပြသည်။