မတည်မငြိမ် ဖြစ်နေသောကမ္ဘာ အတွက် တရုတ်သည် အဖိုးတန်သောသေချာမှုကို ယူဆောင်လာ

(GMT+08:00)2022-09-27 16:05:43  

လွန်ခဲ့သည့် သီတင်းပတ်အတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည့်အပြင် ဘက်အသီးသီး ပါဝင်ကြသော အစည်းအဝေးများစွာကိုလည်း လက်ခံကျင်းပပြီး တက်ရောက်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဒါဇင်ပေါင်းများစွာသော နိုင်ငံခြားရေး ဝန်ကြီးများနှင့် နိုင်ငံတကာ အဖွဲ့အစည်း အကြီးအကဲများနှင့်အတူ အကြိတ်အနယ်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ယင်း စည်းလုံးညီညွတ်မှု တိုးမြှင့်ရန်နှင့် သဘောတူညီမှု စုစည်းရန် သံတမန်ရေး ကြိုးပမ်းမှုများသည် မတည်မငြိမ် ဖြစ်နေသောကမ္ဘာ အတွက် တန်ဖိုးရှိသော တည်ငြိမ်မှုနှင့် သေချာမှုတို့ကို ယူဆောင်လာခဲ့သည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံ  ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန်မှ တင်ပြသည့် ကမ္ဘာ့လုံခြုံရေး အဆိုပြုချက်နှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို ထပ်မံ ရှင်းလင်း ပြောကြားခဲ့ပြီး “စစ်ပွဲကို မဖြစ်စေဘဲ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ရန်”၊ “ဆင်းရဲ နွမ်းပါးမှုကို မရှိစေဘဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရန်”၊ “ပိတ်ဆိုးမှုကို မပြုဘဲ တံခါးဖွင့်မှုကို ပြုလုပ်ရန်”၊ “ထိပ်တိုက်ရင်ဆိုင်မှုကို မပြုဘဲ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရန်”၊ “ကွဲပြားမှုကို မပြုဘဲ စည်းလုံးညီညွတ်မှုကို ပြုလုပ်ရန်” နှင့် "အနိုင်ကျင့်မှုကို မပြုဘဲ တရားမျှတမှု အတွက် ကြိုးပမ်းဆောင်ရွက်ရန်" ဟူသော အဆိုပြုချက် ၆ရပ်ကို တင်ပြခဲ့သည်။ ယင်းသည် အရေးကြီးသည့် နိုင်ငံတကာ အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ အခြေခံမူနှင့် သဘောထား ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၏ ဘုံဆန္ဒကိုလည်း ဖော်ပြသည်။ အစည်းအဝေး ကျင်ပးရာ ခန်းမအပြင်ဘက်တွင် သံတမန်ရေး လုပ်ဆောင်မှုများ မှတစ်ဆင့် တရုတ်နိုင်ငံသည် ငြိမ်းချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး အတွက် အမြဲတမ်း ကြိုးစားလုပ်ဆောင်နေကြောင်းကို ပြင်ပကမ္ဘာက သိမြင်နိုင်သည်။

လက်ရှိတွင် ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရင်ဆိုင်နေရသော အဆိုးရွားဆုံး စိန်ခေါ်မှုဖြစ်သည်။ ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရုရှားနှင့် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးများနှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

တရုတ်ဘက်က နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားသင့်ပြီး ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာသင့်သည်၊ ဘက်အသီးသီးများ၏ ကျိုးကြောင်းမှန်ကန်သည့် လုံခြုံရေး ဆိုင်ရာ အလေးထားချက်များကို အလေးထားသင့်ပြီး အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုအားလုံးကို အားပေးထောက်ခံသင့်သည်ဟု ဖော်ပြပြီး သက်ဆိုင်ရာ ဘက်အသီးသီး အား တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည် ကျင်းပပြီး  တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု များကို မပြုလုပ်ပါရန်လည်း ပန်ကြားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးခြင်း အတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ နားလည်မှုနှင့် အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။

တရုတ်ဘက်မှ ပံ့ပိုးကူညီမှုဖြင့် "ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် ဆိုင်ရာ မိတ်ဆွေ များအဖွဲ့" ဝန်ကြီးအဆင့် အစည်းအဝေးကို အောင်မြင်ချောမောစွာ ကျင်းပနိုင်ခဲ့သည်။ အစည်းအဝေးတွင် တရုတ်ဘက်က ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရန် အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စက်မှုထွန်းကားရေး၊ သန့်ရှင်းသော စွမ်းအင်၊ ဒီဂျစ်တယ် ပညာရေး စသည့် ကဏ္ဍများ ပါဝင်သည့် အဓိက လုပ်ဆောင်ချက် ၇ခုကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပြီး ဘက်ပေါင်းစုံမှ ချီးကျူးမှုများ ရရှိခဲ့သည်။

"ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်သူ"၊ "ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီသူ”၊ “နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို အကာအကွယ်ပေးသူ"၊ "အများပြည်သူဆိုင်ရာ ကုန်ပစ္စည်းများကို ပံ့ပိုးပေးသူ"နှင့် "ဟော့စပေါ့ ပြဿနာများကို ဖျန်ဖြေပေးသူ" ဟူသည်မှာ တရုတ်နိုင်ငံ၏ ကတိကဝတ်များနှင့် လုပ်ဆောင်ချက်များ ဖြစ်ရုံသာမကဘဲ တရုတ် နိုင်ငံ အပေါ် နိုင်ငံတကာ အသိုက်အဝန်းမှ မှတ်ယူချက်များလည်း ဖြစ်သည်။