ပစိဖိတ်ကျွန်းနိုင်ငံများသည် ပထဝီဝင်နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများတွင် အမေရိကန်၏ လက်ကိုင်တုတ် မဟုတ်

(GMT+08:00)2022-09-24 14:25:43  

ဒေသစံတော်ချိန် ယခုလ ၂၂ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken သည် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ် အတွင်း "အပြာရောင် ပစိဖိတ် မိတ်ဖက်" Blue Pacific Partnership (PBP) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။ အစည်းအဝေးတွင် ၄င်းက အမေရိကန်သည် ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နက်ရှိုင်းစွာ အားထုတ်ကြိုးပမ်းပြီး ရာသီဥတု ပြောင်းလဲမှုရင်ဆိုင်ရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်မှု အားကောင်းစေရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသည် ယခုလကုန်ပိုင်းတွင် ဝါရှင်တန်၌ ကျင်းပမည့် ပထမဆုံး အမေရိကန်-ပစိဖိတ်ကျွန်း နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက် လမ်းခင်းပေးရန် ဖြစ်ကြောင်း အများက မှတ်ယူသည်။

PBPကို ယခုနှစ် ဇွန်လတွင် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကနဦးအဖွဲ့ဝင်များတွင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်နှင့် နယူးဇီလန် ၅နိုင်ငံ ပါဝင်ပြီး အိန္ဒိယသည် လေ့လာသူနိုင်ငံ ဖြစ်သည်။ PBP ၏ ရည်ရွယ်ချက်မှာ တောင်ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ ဆက်တိုက်တိုးမြင့် လာနေသော သြဇာလွှမ်းမိုးမှုကို ချုပ်ချယ်ရန်ဖြစ်ကြောင်း အမေရိကန်မီဒီယာအချို့က ဖော်ပြသည်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး ကမ်းဘဲလ်က ပစိဖိတ်ဒေသတွင် အမေရိကန်၏ အားဖြည့်လုပ်ဆောင်မှုများတွင် “ငြင်းပယ်၍ မရနိုင်သော မဟာဗျူဟာ အချက်များ” ရှိကြောင်းလည်း ဝန်ခံ ပြောဆိုသည်။

ပစိဖိတ်ကျွန်းနိုင်ငံများတွင် အမေရိကန်၏ရင်းနှီးမြှုပ်နှံမှုသည် ပထဝီဝင်ဆိုင်ရာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုပေါ်တွင် အခြေခံပြီး စစ်မှန်သော ရည်ရွယ်ချက်မှာ ထိပ်တိုက်ရင်ဆိုင်မှုကို ပြုလုပ်ရန်ဖြစ်သည်။ ရည်ရွယ်ချက် မသန့်ရှင်းလျှင် ပစိဖိတ်ကျွန်းနိုင်ငံများသည် အရေးထားမည် မဟုတ်ပေ။ “ပစိဖိတ် ကျွန်းနိုင်ငံ ခေါင်းဆောင်များသည် ပထဝီဝင်နိုင်ငံရေး ယှဉ်ပြိုင်မှုတွင် အပေါင်အဖြစ် အသုံးပြုခြင်းကို မုန်းတီးကြသည်”ဟု သြစတြေးလျနိုင်ငံ Lowy Institute မှ သုတေသီ တစ်ဦးက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် အမေရိကန်သည် အခြားနိုင်ငံအား အကူအညီပေးရာတွင် အမြဲလိုလို အပြောက ကြီးကြီးကျယ်ကျယ်၊ အလုပ်ကျတော့ မတွင်မကျယ် ဖြစ်သည်။ ယင်းသည်ပစိဖိတ်ကျွန်းနိုင်ငံများအား အမေရိကန်၏ ကတိကဝတ်များကို မေးခွန်းထုတ်စရာလည်း ဖြစ်စေခဲ့သည်။ထို့အပြင် အမေရိကန်သည် ပစိဖိတ်ကျွန်းနိုင်ငံများအပေါ် သမိုင်းကြွေးမြီများ ရှိနေသေးသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်နှင့် ဗြိတိန်တို့သည် ဤနေရာတွင် နျူကလီးယားစမ်းသပ်သည့်နေရာများ ထူထောင်ခဲ့ဖူးပြီး ဒေသခံများအပေါ် အလွန် ကြီးမားသည့် ကျန်းမာရေး ထိခိုက်မှုများ ဖြစ်စေခဲ့သည်။ သို့သော်လည်း အမေရိကန်နှင့် ဗြိတိန်တို့သည် ၎င်းတို့၏ အတိတ်က ရာဇ၀တ်မှုများအတွက် ဝန်ချတောင်းပန်ခြင်း လုံးဝ မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် ပစိဖိတ်ကျွန်းနိုင်ငံများကို ကိုလိုနီဝါဒ သဘောထားဖြင့် သြဇာ လွှမ်းမိုးသော နယ်ပယ်အဖြစ် မှတ်ယူကြပြီး၊ အခြားနိုင်ငံများနှင့် ပုံမှန် ကူးလူးဆက်ဆံမှုများကို လွတ်လပ်စွာ ပြုလုပ်ရန် ခွင့်မပြုပေ။  စိတ်ထဲတွင် ဗိုလ်ကျစိုးမိုးရေး ဝါဒ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ဤနိုင်ငံသည် အခြားသူများ၏ ယုံကြည်မှုကို မည်သို့ ရရှိနိုင်မည်နည်း။

ပစိဖိတ်ကျွန်းနိုင်ငံများအတွက် လောလောဆယ် လုပ်ဆောင်အပ်သည့် ကိစ္စမှာ ရာသီဥတု ပြောင်းလဲမှုနှင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။ အမေရိကန်သည် ပစိဖိတ်ကျွန်းနိုင်ငံများအား ဖွံ့ဖြိုးတိုးတက်အောင် အကယ်၍ ကူညီပေးချင်လျှင် ပထဝီဝင်နိုင်ငံရေး တွက်ချက်မှုများနှင့် နိုင်ငံရေး ကြိုတင်လိုအပ်ချက်များ ထည့်သွင်းမှုကို လုပ်ဆောင်မည့်အစား၊ ကျွန်းနိုင်ငံများနှင့် တန်းတူရည်တူ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ကျွန်းနိုင်ငံများ၏ အခြားနိုင်ငံများနှင့် အမှီအခိုကင်းစွာဖြင့် သံတမန်ရေး ပေါင်းသင်းဆက်ဆံမှု ပြုလုပ်ခွင့်ကို လေးစားရန် လိုအပ်သည်။