လက်တင်အမေရိက ရွှေ့ပြောင်းနေထိုင်သူများ၏ ဝမ်းနည်းဖွယ်ရာဖြစ်ရပ် နောက်ကွယ်တွင် “အမေရိကန် အိပ်မက်ဆိုး” ရှိသည်

(GMT+08:00)2022-09-20 11:13:17  

အမေရိကန် Fox News မှ ၁၈ ရက်နေ့ကသတင်းအရ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေဒီနေ့အထိ ရွှေ့ပြောင်းနေထိုင်သူ ၇၈၂ ယောက်ဟာ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ရာမှာ သေဆုံးခဲ့ပြီဖြစ်ပြီး သေဆုံးသူဦးရေဟာ သမိုင်းမှာ အများဆုံးဖြစ်ကာ အဲဒါတွေထဲမှာ ဒီနှစ် စက်တင်ဘာလတစ်လအတွင်းကပဲ လူ ၃၀ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ် ထိန်းချုပ်ကာကွယ်ရေးဦးစီးဌာနမှ အရာရှိတစ်ယောက်က ပြောခဲ့တယ်။ ဒီနှစ် အစောပိုင်းအချိန်မှာ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများရေးရာအဖွဲ့က အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ကို ကမ္ဘာပေါ်မှာ အသက် အန္တရာယ် အဖြစ်ဆုံးသော ကုန်းတွင်းပိုင်းရွှေ့ပြောင်းနေထိုင်သူများရဲ့ လမ်းကြောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

      သမိုင်းရင်းမြစ်အရကြည့်ရင် လက်တင်အမေရိက ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာဟာ နှစ်ပေါင်းများစွာအတွင်း အမေရိကန်က Monroeism ဝါဒကို ကျင့်သုံးပြီး လက်တင်အမေရိကနိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဆိုးကျိုးရလဒ် ဖြစ်ပါတယ်။

      လက်ရှိအခြေအနေအရပြောရင် ရွှေ့ပြောင်းနေထိုင်သူများရဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဟာ အမေရိကန်ရဲ့ ရှုပ်ထွေးတဲ့ ရွှေ့ပြောင်းနေထိုင်သူရေးရာ ပေါ်လစီများနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အကြံပေးအရာရှိဟောင်းကရီရှ်က အမေရိကန်မှာ လူသားချင်း စာနာထောက်ထားမှု ကာကွယ်ရေးစနစ်နဲ့ ထိရောက်မှုရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူရေးရာ မူဘောင်စနစ်မထားရှိခြင်းဟာ မူလက ရှောင်ရှားနိုင်ခဲ့တဲ့ အသက် ဆုံးရှုံးမှုများကို ဖြစ်စေ ခဲ့တယ်လို့ ထောက်ပြခဲ့တယ်။

      အမေရိကန် ရဲများက မြင်းစီးပြီး ဟေတီရွှေ့ပြောင်းနေထိုင်သူများကို စီးနင်း လူစုခွဲခဲ့တယ်၊ ထောင်နဲ့ချီတဲ့ လက်တင်အမေရိက ရွှေ့ပြောင်းနေထိုင်သူများ မိသားစုတွေ ကွဲပြားအောင် အတင်းအဓမ္မ လုပ်ဆောင်ခဲ့တယ်၊ ရွှေ့ပြောင်းနေထိုင်သူများရဲ့ ကလေးငယ် များကို ချုပ်နှောင်ခဲ့တယ်၊ ရွှေ့ပြောင်းနေထိုင်သူများရဲ့ ကလေးငယ်အချို့ နေရာချထားမှု ခံရပြီးနောက် ပျောက်ဆုံးခဲ့တယ် …… လက်တင်အမေရိက ရွှေ့ပြောင်း နေထိုင်သူများ အဖို့ အမေရိကန်အိပ်မက်ဟာ အမေရိကန် အိပ်မက်ဆိုးပဲ ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။