ဒေသစံတော်ချိန် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Samarkand နိုင်ငံတော်ဧည့်ရိပ်သာတွင် အီရန်နိုင်ငံ သမ္မတ Seyed Ebrahim Raisi နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်-အီရန်နှစ်နိုင်ငံအကြား ချစ်ကြည်ရေး အစဉ်အလာ ရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုမှ စိန်ခေါ်မှုများကို ခံနိုင်ခဲ့ကြောင်း၊ တရုတ်-အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေုး ခိုင်မာတိုးတက်ခြင်းမှာ မိမိတို့၏ တူညီသော မဟာဗျူဟာမြောက် ရွေးချယ်ချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာ အမြင်နှင့် ရေရှည် ရှုထောင့်မှနေ တရုတ်-အီရန်ဆက်ဆံရေးကို ရှုမြင်ကြောင်း၊ အီရန်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ဆက်သွယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုသစ် အဆက်မပြတ်ရရှိစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
သမ္မတ ရှီကျင့်ဖိန် က အီရန်နိုင်ငံမှ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် အမျိုးသား ဂုဏ်သိက္ခာ ကာကွယ်ထိန်းသိမ်းခြင်းကို တရုတ်နိုင်ငံသည် ထောက်ခံကြောင်း၊ အီရန်နိုင်ငံ နှင့်အတူ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက မဝင်ရောက်စွက်ဖက်ရေး မူဝါဒကို ထိန်းသိမ်းပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း၊ နှစ်ဦး နှစ်ဖက်တို့သည် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကို တက်တက်ကြွကြွ အကောင်အထည်ဖော်ပြီး Belt and Road တည်ဆောက်မှု ပူးပေါင်း ဆောင်ရွက်ရေးကို တက်ကြွစွာ ပြုလုပ်ကာ ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်ရေး အောင်ကျိုးရလဒ်များ ရရှိရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ အီရန်နိုင်ငံအား တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် တစ်ကမ္ဘာလုံး လုံခြုံရေးအဆိုပြုချက်တွင် ပါဝင်ရန် ကြိုဆိုကြောင်း၊ အီရန်နိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တရားဝင်အဖွဲ့ဝင်ဖြစ်လာရန် ဂုဏ်ပြု ထောမနာပြုကြောင်း၊ တရုတ်နိုင်ငံသည် အီရန် နျူကလီးယားပြဿနာ ဘက်စုံ သဘောတူစာချုပ် ပြန်လည် အကောင်အထည်ဖော်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဆက်လက် အပြုသဘောဆောင်စွာ ပါဝင်မည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံမှ တရားဝင် အခွင့်အရေးကို ကာကွယ် ထိန်းသိမ်းခြင်းကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။
သမ္မတ Seyed Ebrahim Raisi က အီရန်-တရုတ် ချစ်ကြည်ရေး အစဉ်အလာ နက်ရှိုင်းလှကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးသော မဟာဗျူဟာမြောက် အဓိပ္ပါယ်ရှိကြောင်း၊ အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ အဆင့်ဆင့် ကူးလူးဖလှယ်မှုများ အားသစ်လောင်းပေးပြီး အီရန်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို အားကောင်းစွာ ကာကွယ်ထိန်းသိမ်းပြီး ခေတ်မီနိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်မည်ဟု အီရန်ဘက်က ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံအား နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် တရားမျှတမှုကို စွဲကိုင်ထားခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အီရန်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တရားဝင် အဖွဲ့ဝင်ဖြစ်လာတော့မည် ဖြစ်ကြောင်း၊ ၄င်းမှာ အီရန်-တရုတ် နှစ်နိုင်ငံမှ နိုင်ငံတကာနှင့် ဒေသတွင်း ဘက်ပေါင်းစုံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားသစ်လောင်းပေးရန် အကျိုးရှိမည် ဖြစ်ကြောင်း၊ အီရန်နိုင်ငံသည် Belt and Road အဆိုပြုချက်၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် တစ်ကမ္ဘာလုံးလုံခြုံရေး အဆိုပြုချက်ကို အားပေးထောက်ခံပြီး တရုတ်နိုင်ငံနှင့်အတူ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကာ စစ်မှန်သော ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ထားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။