ရှီကျင့်ဖိန် သည် Recep Tayyip Erdogan နှင့် တွေ့ဆုံ

(GMT+08:00)2022-09-17 12:23:23  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Samarkand နိုင်ငံတော်ဧည့်ရိပ်သာတွင် တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က လွန်ခဲ့သည့်နှစ်များတွင် တရုတ်-တူရကီ ဆက်ဆံရေးမှာ ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားလျက်ရှိကြောင်း၊ နှစ်နိုင်ငံ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများကို ခြေလှမ်းမှန်မှန်ဖြင့် ပြုလုပ်ပြီး ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ထိရောက်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်-တူရကီဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှာ နှစ်နိုင်ငံ၏ ရေရှည် အကျိုးစီးပွားနှင့် ကိုက်ညီသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစေရန်အတွက်လည်း အရေးကြီးသည်ဟု သက်သေပြ နိုင်ကြောင်း၊ လက်ရှိ နိုင်ငံတကာအသိုင်းအဝိုင်းသည် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်-တူရကီ နှစ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် ထွန်းသစ်စ နိုင်ငံဖြစ်သဖြင့် ကိုယ်ကျိုးစီးပွားနှင့် အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကြိုးပမ်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာတရားမျှတမှု ကာကွယ်ထိန်းသိမ်းရေး စသည့်ဘက်များတွင် ဘုံအကျိုးစီးပွား များစွာ ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့်အတူ တရုတ်-တူရကီ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိနိုင်အောင် တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ Recep Tayyip Erdogan က တူရကီ-တရုတ်ဆက်ဆံရေးမှာ နယ်ပယ် အသီးသီးတွင် အရေးကြီးသောတိုးတက်မှုများ ရရှိခဲ့ကြောင်း၊ တူရကီနိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့်အတူ နှစ်နိုင်ငံအစိုးရများအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ စသည့်စနစ်များဖြင့် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး စသည့်ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုများပြားသော အောင်မြင်မှုများ ရရှိစေရန် ဆန္ဒရှိကြောင်း၊ တူရကီ “အလယ်စင်္ကြံ” စီမံကိန်းနှင့် “Belt and Road”အဆိုပြုချက်သည် ကိုက်ညီမှု များစွာရှိကြောင်း၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုကို လျင်မြန်စွာတွန်းအားပေးပြီး နှစ်ဦးနှစ်ဖက် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ တူရကီနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို ဆက်လက် ခိုင်မာပြတ်သားစွာ စွဲကိုင်ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။