ရှီကျင့်ဖိန်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ

(GMT+08:00)2022-09-16 15:48:31  

ဒေသစံတော်ချိန် ယခုလ ၁၅ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားသမ္မတ ပူတင်နှင့် Samarkandနိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံပြီး တရုတ်-ရုရှား ဆက်ဆံရေးနှင့် အတူစိတ်ဝင်စားကြသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က ယခုနှစ်တွင် တရုတ်နှင့် ရုရှားတို့သည် ထိရောက်သော မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားကြောင်း၊ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ခြေလှမ်းမှန်မှန်ဖြင့် တွန်းအားပေးနေကြောင်း၊အားကစားဖလှယ်ရေးနှစ် လှုပ်ရှားမှုကို စနစ်တကျ ဆောင်ရွက်ပြီး ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှု ဖလှယ်ရေးများ ပိုမိုသွက်လက်လာကာနိုင်ငံတကာ ရေးရာများတွင် ရင်းနှီးသော ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်၍နိုင်ငံတကာ ဆက်ဆံရေးအခြေခံမူများကို ထိန်းသိမ်းကာကွယ်ကြကြောင်း၊ ကမ္ဘာ၊ ခေတ်နှင့်သမိုင်း၏ အပြောင်းအလဲများကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် နိုင်ငံကြီးတစ်နိုင်ငံ၏ တာဝန်ယူတတ်ခြင်းကို ပြသပြီး ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကာ ရှုပ်ထွေးသောကမ္ဘာအတွက် သေချာမှုနှင့် တည်ငြိမ်မှုကို ဖော်ဆောင်ပေးရန် ရုရှားနှင့် အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် အတူ တစ်နိုင်ငံ၏ အမြုတေ အကျိုးစီးပွားနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ အပေါ် တစ်နိုင်ငံကအားကောင်းသော အားပေးထောက်ခံမှုများကို ပေးလိုကြောင်း၊ ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ချိတ်ဆက်မှုနှင့် အခြားနယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေလိုကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ CICAနှင့် BRICS စသော ဘက်ပေါင်းစုံ မူဘောင်များအတွင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး ဘက်အသီးသီးတို့ အကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ကာလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့၍ ဒေသတွင်း လုံခြုံရေး အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ထွန်းသစ်စဈေးကွက် နိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သင့်ကြောင်း အလေးထား ပြောကြားသည်။

ပူတင်ကတရုတ်ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ပြီးပြည့်စုံ အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ဆုတောင်းပေးပါကြောင်း၊ သမ္မတရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်မှုအသစ်များ အဆက်မပြတ် ရရှိမည်ဟု ယုံကြည်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေကြောင်း၊ တစ်ခုတည်းသော မပြောင်းလဲတတ်သောအချက်မှာ ရုရှားနှင့် တရုတ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်မှုပင်ဖြစ်ကြောင်း၊ ရုရှားနှင့် တရုတ်အကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် တောင်ကြီးတစ်ခုကဲ့သို့ပင် ခိုင်မာနေကြောင်း၊ ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ပိုမိုတရား မျှတပြီး ကျိုးကြောင်းမှန်ကန်သော နိုင်ငံတကာ စည်းစနစ်ကို မြှင့်တင်ရန် ခံယူထားပြီး နိုင်ငံတကာဆက်ဆံရေး အတွက် စံနမူနာ စိုက်ထူခဲ့ကြောင်း၊ ရုရှားသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ခိုင်မာပြတ်သားစွာ လိုက်နာစောင့်စည်းပြီး တရုတ်ပြည်၏ အမြုတေ အကျိုးစီးပွားနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် နိုင်ငံအချို့၏ ရန်စမှုကို ရှုတ်ချကြောင်း၊ ရုရှားနိုင်ငံသည် တရုတ်ပြည်နှင့်အတူနှစ်ဖက်နှင့် ဘက်ပေါင်းစုံ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ခိုင်မာနက်ရှိုင်းစေပြီး စီးပွားကုန်သွယ်ရေးနှင့် စွမ်းအင်စသည့် အဓိက ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လိုကြောင်း၊ ရုရှားဘက်သည် SCOအဖွဲ့ဝင် နိုင်ငံများအကြား တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် တစ်နိုင်ငံက ဝင်ရောက် မစွက်ဖက်ရေး အခြေခံမူကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက် နက်ရှိုင်းစေရန် တွန်းအားပေးပြီး ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် တရားဝင်သော ပလက်ဖောင်းတစ်ခုကို လက်တွဲ တည်ဆောက်လိုကြောင်း ပြောကြားသည်။.

ရှီကျင့်ဖိန်က ရုရှားနိုင်ငံမှ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ခြင်းအား ချီးကျူးကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်ပြည်သည် ထိုင်ဝမ် သီးခြား လွတ်လပ်ရေး အင်အားများနှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ မည်သည့် နိုင်ငံမဆို ထိုင်ဝမ်ရေးရာ အပေါ် “တရားသူကြီး” အဖြစ် လုပ်ဆောင်ပိုင်ခွင့် မရှိကြောင်း အလေးထား ပြောကြားခဲ့ပါသည်။