ရှီကျင့်ဖိန်သည် ဘီလာရုစ် သမ္မတ လူကာရှိန်ကိုနှင့် တွေ့ဆုံ

(GMT+08:00)2022-09-16 15:52:28  

ဒေသစံတော်ချိန် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် Samarkand ရှိ နိုင်ငံတော် ဧည့်ရိပ်သာ၌ ဘီလာရုစ်သမ္မတ လူကာရှိန်ကိုနှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဖက်ဆက်ဆံမှုကို ထာဝရ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုအထိ တိုးမြှင့်ရန် ဆုံးဖြတ်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ဘီလာရုစ် သံတမန် အဆက်အသွယ် ထားရှိသည့် နှစ် ၃၀ အတွင်း နှစ်နိုင်ငံဆက်ဆံမှုသည် အဆက်မပြတ် အဆင့်တိုးလာပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုလည်း ခိုင်မာစွာ တိုးမြင့်လာကြောင်း၊ တရုတ်-ဘီလာရုစ် ဆက်ဆံမှုကို ထာဝရ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုအထိ တိုးမြှင့်လာခြင်းသည် တရုတ်-ဘီလာရုစ် ဆက်ဆံမှု သမိုင်းဝင်တိုးတက်မှု ဖြစ်ကြောင်း၊ တရုတ်ဘက်သည် ဘီလာရုစ်ဘက်နှင့်အတူ နိုင်ငံရေးဘက်မှ အပြန်အလှန် ထောက်ခံမှုကို တိုးမြှင့်ပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ငုပ်လျှိုးသော အင်အားကို ထုတ်လွှတ်ကာ တရုတ်-ဘီလာရုစ် ဆက်ဆံမှု ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် နှစ်နိုင်ငံပြည်သူများအား ပိုမိုအကျိုးရှိစေရန်  တွန်းအားပေးလိုကြောင်းပြောကြားသည်။

လူကာရှိန်ကိုက ဘီလာရုစ် အစရှိသော နိုင်ငံများအတွက် တရုတ်နိုင်ငံသည် အလွန် ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်နှင့် ဆက်ဆံမှု နက်ရှိုင်းစေရေးကို ဘီလာရုစ်ဘက်သည် ဦးလည်မသုန် ဆောင်ရွက်ပြီး တရုတ်နိုင်ငံ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်နိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးနှင့် ထိုင်ဝမ်ရေးရာ အစရှိသော အမြုတေကျသော ပြဿနာများနှင့်ပတ်သက်ပြီး တရုတ်ဘက်၏ ရပ်တည်ချက်များကို ပြတ်ပြတ်သားသား ထောက်ခံကာ တရုတ်နိုင်ငံနှင့် အမြဲတစေ ပခုံးချင်းယှဉ် ရပ်တည်၍ တရုတ်နိုင်ငံ၏ ယုံကြည်စိတ်အချရဆုံးသော မိတ်ဆွေဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။