ရှီကျင့်ဖိန်သည် အဇာဘိုင်ဂျန်သမ္မတ အလီယက်ဖ်နှင့် တွေ့ဆုံ

(GMT+08:00)2022-09-16 15:53:16  

ဒေသစံတော်ချိန် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် Samarkandရှိ နိုင်ငံတော် ဧည့်ရိပ်သာ၌ အဇာဘိုင်ဂျန်သမ္မတ အလီယက်ဖ်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-အဇာဘိုင်ဂျန် သံတမန် အဆက်အသွယ်ထားရှိသည့် နှစ် ၃၀ ပြည့်မြောက်နှစ်ဖြစ်ပြီး အဇာဘိုင်ဂျန်ပြည်သူများ လွတ်လပ်စွာ ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တရုတ်ဘက်က ထောက်ခံကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ ရှုမြင်ပြီး စီစဉ်ပေးကာ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်သင့် ကြောင်း၊ အပြန်အလှန် ထောက်ပံ့ကူညီမှုကို တိုးမြှင့်ပြီး အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတည်ငြိမ်၊ နက်ရှိုင်း၍ လက်တွေ့ကျရန် တွန်းအားပေးသင့်ကြောင်း ပြောကြားသည်။

အလီယက်ဖ်က အဇာဘိုင်ဂျန်နှင့် တရုတ်နိုင်ငံတို့သည် စစ်မှန်သော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ပြီး နှစ်ဖက်တို့သည် နိုင်ငံတကာရေးရာများတွင် ရင်းနှီးစွာ ဆက်သွယ်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းမှန်မှန်ဖြင့် တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံမှ အဇာဘိုင်ဂျန်နိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပေးအပ်ခြင်းကို ကျေးဇူးတင်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံက အမြဲတစေ ခံယူထားသော စည်းလုံးညီညွတ်ပြီး အပြန်အလှန် ကူညီပေးကြသော စိတ်ဓာတ်ကို ပြသထားကြောင်း၊ အဇာဘိုင်ဂျန်-တရုတ် သံတမန် အဆက်အသွယ်ထားရှိသည့် နှစ် ၃၀ပြည့်မြောက်နှစ်ကို အခြေခံပြီး အဇာဘိုင်ဂျန်နိုင်ငံသည် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး ပေါ်လစီကို စွဲကိုင်ပြီး တရုတ်ဘက်၏ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှု ထိန်းသိမ်းကာကွယ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုနှင့် တရုတ်နိုင်ငံကို ခွဲထွက်စေမှု လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်ကာ တရုတ်နိုင်ငံ၏ ကိုယ့်အမြုတေကျသော အကျိုးစီးပွားများ ထိန်းသိမ်းကာကွယ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်ဘက်မှ တင်ပြသော တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်ကို ထောက်ခံပြီး တရုတ်ဘက်နှင့်အတူ Belt and Road တည်ဆောက်ရေးကို အတူတကွ တက်ကြွစွာ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။