ဥဇဘက်ကစ္စတန်သမ္မတ Mirziyoyevထံမှ ရှီကျင့်ဖိန်က "အမြင့်ဆုံး ချစ်ကြည်ရေးတံဆိပ်"ကို လက်ခံရယူ

(GMT+08:00)2022-09-16 15:55:01  

ဒေသ စံတော်ချိန် ယခုလ ၁၅ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်နိုင်ငံ Samarkandရှိ နိုင်ငံတကာ ကွန်ဖရင့် စင်တာ၌ သမ္မတ Mirziyoyevထံမှ အမြင့်ဆုံး ချစ်ကြည်ရေး တံဆိပ်ကို လက်ခံရယူခဲ့ကြောင်း China Media Groupမှ သိရသည်။

Mirziyoyevက ဆုချီးမြှင့်ပွဲတွင် အမှာစကား ပြောကြားရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်-တရုတ် ချစ်ကြည်မှု တိုးမြှင့်ရေး၊ အပြန်အလှန် ယုံကြည်မှု ခိုင်မာစေရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် ယနေ့ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံး နိုင်ငံရေး သမားနှင့် ထူးချွန်သော ခေါင်းဆောင်ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ထက်မြက်မှန်ကန်သည့် ဦးဆောင်မှုနှင့် ကိုယ်တိုင် စီမံခန့်ခွဲမှုအောက်တွင် တရုတ်နိုင်ငံသည် စီးပွားရေးနှင့် လူမှုရေးတည်ဆောက်မှုတွင် ထူးခြားသော အောင်မြင်မှုများ ရရှိခဲ့ပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွင် အောင်ပွဲခံကာ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျယ်ပြန့်သော လေးစားချီးကျူးမှုများ ရရှိခဲ့ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာ အဆင့်နေရာနှင့်  သြဇာလွှမ်းမိုးမှုတို့ အဆက်မပြတ် မြင့်တက်လျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အမြုတေဖြစ်ပြီး တရုတ် ပြည်သူတစ်ရပ်လုံး၏ အမြုတေလည်း ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် သာယာကောင်းမွန်သော ယနေ့သာမက ပိုမိုကောင်းမွန်သော မနက်ဖြန်ကို ပိုင်ဆိုင်နိုင်မည်ဟု မိမိ အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ Mirziyoyevက သမ္မတ ရှီကျင့်ဖိန်၏ ကိုယ်တိုင် အလေးဂရုပြုမှုနှင့် လမ်းညွှန်မှုအောက်တွင် ဥဇဘက်ကစ္စတန်-တရုတ် ဆက်ဆံရေးသည် ပိုမိုရင့်ကျက်ပြီး ရှင်သန်မှုနှင့် ပြည့်နှက်လာကာ မကြုံစဖူး မြင့်မားသော အဆင့်သို့ ရောက်ရှိကြောင်း၊ ယနေ့တွင် မိမိနှင့် သမ္မတ ရှီကျင့်ဖိန်တို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ပူးတွဲကြေညာချက်သည် ခေတ်ကာလသစ်၌ ဥဇဘက်ကစ္စတန်-တရုတ် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အဆက်မပြတ် အကျိုးဆောင် လိမ့်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

Mirziyoyevသည် သမ္မတ ရှီကျင့်ဖိန်အား ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှီကျင့်ဖိန်က အမှာစကား ပြောကြားရာတွင် သမ္မတ Mirziyoyevမှ မိမိအား "အမြင့်ဆုံး ချစ်ကြည်ရေး"ဆုတံဆိပ်ကို ချီးမြှင့်ခြင်းသည် တရုတ်-ဥဇဘက်ကစ္စတန် ဆက်ဆံရေး အပေါ် ဥဇဘက်ကစ္စတန်ဘက်မှ လွန်စွာ အလေးထားခြင်းနှင့် တရုတ်ပြည်သူများအပေါ် ဥဇဘက်ကစ္စတန် ပြည်သူများ၏ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို အပြည့်အ၀ ထင်ဟပ်စေကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀တုန်းက တရုတ်နှင့် ဥဇဘက်ကစ္စတန်သည် သံတမန်ဆက်ဆံရေး ထားရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူများ အကြား ချစ်ကြည်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်ကျိုးရလဒ် များစွာ ရရှိကာ ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်မှုကို ကိုယ်စီ ထိရောက်စွာ တိုးမြှင့်၍ အလယ်အာရှဒေသနှင့် ကမ္ဘာ့ အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် အပြုသဘောဆောင်သော စွမ်းအင်များကို ဖော်ဆောင်ပေးကြောင်း၊ ခေတ်သစ်တွင် တရုတ်-ဥဇဘက်ကစ္စတန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေပြီး တရုတ်-ဥဇဘက်ကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွေ့ဖော်ဆောင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရန် မိမိနှင့် သမ္မတ Mirziyoyevတို့ သဘောတူကြကြောင်း၊ တရုတ်ပြည်သည် တရုတ်-ဥဇဘက်ကစ္စတန် ချစ်ကြည်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် ဥဇဘက်ကစ္စတန်နှင့် လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားသည်။

"အမြင့်ဆုံး ချစ်ကြည်ရေးတံဆိပ်"သည် ဥဇဘက်ကစ္စတန်၏ နိုင်ငံခြား ဆက်ဆံရေးတွင် အမြင့်ဆုံး ဂုဏ်ထူးဆောင် တံဆိပ် ဖြစ်ပြီး ဥဇဘက်ကစ္စတန်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ အများတကာ အာရုံစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများကို ဖြေရှင်းရေးနှင့် ဥဇဘက်ကစ္စတန်၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးခြားသော အကျိုးပြု စွမ်းဆောင်မှုများကို ပြုလုပ်ခဲ့သော ပုဂ္ဂိုလ်များအား ချီးကျူးဂုဏ်ပြုရန် ရည်ရွယ်ကြောင်း၊ ယင်းသည် "အမြင့်ဆုံး ချစ်ကြည်ရေးတံဆိပ်"ကို တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဆုတံဆိပ် ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။