ရှီကျင့်ဖိန် သည် Emomali Rahmonနှင့် တွေ့ဆုံ

(GMT+08:00)2022-09-15 16:37:23  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Samarkand နိုင်ငံတော်ဧည့်ရိပ်သာတွင် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်-တာဂျစ်ကစ္စတန် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် နှစ်၃၀အတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ တာဂျစ်ကစ္စတန်နိုင်ငံမှ နိုင်ငံတော်လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာ၊ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းခြင်းကို တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် တာဂျစ်ကစ္စတန်နိုင်ငံမှ ယုံကြည်အားကိုးနိုင်သော အိမ်နီးချင်း၊ မိတ်ဆွေနှင့် မိတ်ဖက်နိုင်ငံ ထာဝရဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေမှာ အပြောင်းလဲကြီး ပြောင်းလဲနေကြောင်း၊ တရုတ်-တာဂျစ်ကစ္စတန် နှစ်နိုင်ငံအနေဖြင့်  ဆက်လက် ပြတ်သားစွာ အပြန်အလှန်ထောက်ခံပြီး တရုတ်-တာဂျစ်ကစ္စတန် ဆက်ဆံရေးတွင် ပိုမိုများပြားသော အောင်မြင်မှုများ ရရှိရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ Emomali Rahmon က တရုတ်နိုင်ငံသည် တာဂျစ်ကစ္စတန်နိုင်ငံ၏ မိတ်ကောင်းဆွေကောင်းဖြစ်သကဲ့သို့ တာဂျစ်ကစ္စတန်နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံလည်းဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဖလှယ်ရေးကို ပိုမိုရင်းနှီးစေရန်၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကို အတုယူပြီး နှစ်နိုင်ငံမှ စီးပွားကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်ထုတ်စွမ်းအားနှင့် မြစိမ်းရောင်စီးပွားရေး စသည့်နယ်ပယ်များတွင် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှုများကို အားသစ်လောင်းပေးရန်၊ တာဂျစ်ကစ္စတန်-တရုတ် ဆက်ဆံရေးကို အဆင့်ကဏ္ဍသစ်သို့ တိုးမြှင့်ရန် ဆန္ဒရှိကြောင်း၊ တာဂျစ်ကစ္စတန် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ Conference on Interaction and Confidence-Building Measures in Asia (CICA) နှင့် တရုတ်+အလယ်အာရှ ၅နိုင်ငံအကြား တွေ့ဆုံဆွေးနွေးရေးစနစ် မူဘောင်အတွင်းတွင် ညှိနှိုင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရန်၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ် ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း၊ အကြိမ် ၂၀မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့ပါသည်။