ရှီကျင့်ဖိန်သည် ကာဇတ်စတန် သမ္မတ Tokayevမှ ချီးမြှင့်သော "ရွှေလင်းယုန်" တံဆိပ်ကို လက်ခံရယူ

(GMT+08:00)2022-09-15 11:00:50  

ဒေသစံတော်ချိန် ယခုလ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ကာဇက်စတန်သမ္မတ Tokayevထံမှ “ရွှေလင်းယုန်”တံဆိပ်ကို Nur-Sultanရှိ သမ္မတအိမ်တော်၌ လက်ခံရယူခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

Tokayevက ဆုပေးပွဲမိန့်ခွန်း ပြောကြားရာတွင် သမ္မတ ရှီကျင့်ဖိန်သည် အမှန်တကယ် ကြီးမြတ်သော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ပြောင်မြောက်သော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ကြီးမြတ်သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိပြီး ဆင်းရဲမှုကိုပပျောက်စေကာ အသင့်အတင့်ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်ပြီးစီးခဲ့ကြောင်း၊သမ္မတ ရှီကျင့်ဖိန်၏ ထက်မြက်မှန်ကန်သည့် ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် စီစဉ်ထားသည့်အတိုင်း ခေတ်မီ ဆိုရှယ်လစ်နိုင်ငံကို ဘက်စုံတည်ဆောက်ရန် ရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်မည်မှာ သေချာကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် Belt and Roadပူးပေါင်းတည်ဆောက်ရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရန် ကြီးမြတ်သော အဆိုပြုချက်များကို တင်ပြပြီးနိုင်ငံတကာ ဆက်ဆံရေးပုံစံသစ် တည်ဆောက်ရေးတွင်ထူးချွန်သော အကျိုးပြု စွမ်းဆောင်မှုကို ပြုလုပ်ခဲ့ကြောင်း၊သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်များသည် ယနေ့ကမ္ဘာရင်ဆိုင်နေရသော အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အရေးကြီးသည့် မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားသည်။

ထို့အပြင်၊ Tokayevက ကာဇက်စတန်-တရုတ် နှစ်နိုင်ငံပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေရေးနှင့် နှစ်နိုင်ငံ ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် သမ္မတ ရှီကျင့်ဖိန်၏ သမိုင်းဝင်အခန်းကဏ္ဍနှင့် အလွန် ကြီးမားသော အကျိုးပြု စွမ်းဆောင်မှုများအား လွန်စွာ ချီးကျူးပါကြောင်း၊ ကာဇက်စတန်ဘက်သည် တရုတ် နိုင်ငံနှင့် အတူ နှစ်နိုင်ငံ အတူတကွ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ ချမ်းသာသုခကို တိုးပွားစေရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ အတူတကွ ရှေးရှုချီတက်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်းလည်း ပြောကြားသည်။

Tokayevသည် ရှီကျင့်ဖိန်ကို "ရွှေလင်းယုန်" တံဆိပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှီကျင့်ဖိန်က အမှာစကား ပြောကြားရာတွင် သမ္မတTokayevသည် မိမိကို“ရွှေလင်းယုန်” တံဆိပ်ကို ချီးမြှင့်ခြင်းသည် တရုတ်-ကာဇက်စတန် ဆက်ဆံရေး အပေါ် ကာဇက်စတန်ဘက်မှ လွန်စွာ အလေးထားခြင်းနှင့်တရုတ် ပြည်သူများ အပေါ် ကာဇက်စတန်ပြည်သူများ၏ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ပြသနေကြောင်း၊နှစ်နိုင်ငံ အကြား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ်ပေါင်း ၃၀အတွင်း တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် မြင့်မားသော အဆင့်အတန်းကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊နှစ်ဖက်အကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို အဆက်မပြတ် ခိုင်မာလာပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာကာ Belt and Road ကို အရည်အသွေးမြင့်မားစွာအတူတည်ဆောက်ခြင်းတွင်အောင်ကျိုးရလဒ် များစွာရရှိ၍ နိုင်ငံတကာရေးရာများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြကြောင်း၊ ယင်းတို့သည် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းစွာ ကျားကန်ပေးပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး အတွက်အားကောင်းသော တွန်းအားများကို ဖော်ဆောင်ပေးနေကြောင်း ပြောကြားသည်။

"ရွှေလင်းယုန်"တံဆိပ်သည် ကာဇက်စတန်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင် တံဆိပ် ဖြစ်ပြီး ကာဇက်စတန်၏ နိုင်ငံတော်တည်ဆောက်ရေးနှင့် အခြားနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးတွင် အရေးကြီးသော အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်သော ပုဂ္ဂိုလ်များကို ချီးကျူးဂုဏ်ပြုရန် ရည်ရွယ်ကြောင်း သိရသည်။