ရှီကျင့်ဖိန် သည် Serdar Berdimuhamedov နှင့် တွေ့ဆုံ

(GMT+08:00)2022-09-15 16:38:36  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် Samarkand နိုင်ငံတော်ဧည့်ရိပ်သာတွင် တပ်ခ်မင်နစ္စတန်နိုင်ငံသမ္မတ Serdar Berdimuhamedovနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်-တပ်ခ်မင်နစ္စတန် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် အနှစ်၃၀အတွင်း နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ ပုံမှန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ မြင့်မားသည့် အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တပ်ခ်မင်နစ္စတန်နိုင်ငံနှင့်အတူ တရုတ်-အလယ်အာရှ ၅နိုင်ငံအကြား တွေ့ဆုံဆွေးနွေးရေးစနစ် မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရန်၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် တစ်ကမ္ဘာလုံး လုံခြုံရေးအဆိုပြုချက်ကို အကောင်အထည်ဖော်ရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုရင်းနှီးစေရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ Serdar Berdimuhamedov က တပ်ခ်မင်နစ္စတန်-တရုတ်နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် အနှစ်၃၀အတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ချောမောစွာ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တိုးချဲ့လာခဲ့ကြောင်း၊ တပ်ခ်မင်နစ္စတန်နိုင်ငံသည် တပ်ခ်မင်နစ္စတန်-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အလွန်အလေးထားပြီး တရုတ်နိုင်ငံနှင့်အတူ  နှစ်နိုင်ငံမှ စီးပွားကုန်သွယ်ရေး၊ သဘာဝဓာတ်ငွေ့၊ နိုင်ငံဖြတ်ကျော်သယ်ယူပို့ဆောင်ရေးနှင့် လူမှုယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် အပြန်အလှန် အကျိုးရရှိစေရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို အဆက်မပြတ်နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း၊ တပ်ခ်မင်နစ္စတန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်အတူBelt and Road အဆိုပြုချက်နှင့် တပ်ခ်မင်နစ္စတန်နိုင်ငံမှ ပိုးလမ်းမကြီး ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေး မဟာဗျူဟာအကြား မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို တွန်းအားပေးရန်၊ ကုလသမဂ္ဂနှင့် တရုတ်-အလယ်အာရှ ၅နိုင်ငံအကြား တွေ့ဆုံဆွေးနွေးရေးစနစ် စသည့် ဘက်ပေါင်းစုံ မူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုရင်းနှီးစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။