သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အကြိုတွင် နိုင်ငံတော်ခေါင်းဆောင်၏ အရေးကြီးဆုံး သံတမန်ရေးရာလှုပ်ရှားမှု ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-09-14 11:37:29  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ၁၃ ရက်နေ့ကပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် သမ္မတရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ကာဇတ်စတန်နှင့် ဥဇဘက်ကစ္စတန်သို့ ခရီး လှည့်လည်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုခရီးစဉ်သည် တရုတ်ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အကြိုတွင် တရုတ်နိုင်ငံမှဆောင်ရွက်သော နိုင်ငံတော်အကြီးအကဲ၏ အရေးကြီးဆုံး သံတမန်ရေးရာ လှုပ်ရှားမှုဖြစ်ပြီး တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် တရုတ်-ကာဇတ်စတန်၊ တရုတ်-ဥဇဘက်ကစ္စတန် ဆက်ဆံရေးအပေါ် မြင့်မားစွာ အလေးထားမှုကို ပြဆိုထားကြောင်း သူမက ပြောကြား ခဲ့သည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ရက်နေ့အထိ သမ္မတရှီကျင့်ဖိန်သည် Samarkand တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ ၂၂ ကြိမ်မြောက် အစည်းအဝေးကို တက်ရောက်ပြီး ကာဇတ်စတန်သမ္မတ၊ ဥဇဘက်ကစ္စတန်သမ္မတတို့၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည်ဟု သိရသည်။