"နျူကလီးယား"ဆိုင်ရာ black box လုပ်ဆောင်မှုတွင် ပါဝင်သော အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ မီးနီပြလိုက်ခြင်း ခံရ

(GMT+08:00)2022-09-14 13:55:03  

ယခုလ ၁၂ ရက်နေ့က IAEA ကောင်စီ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့အကြား နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို သီးခြား တရားဝင် ခေါင်းစဉ်အဖြစ် ဆွေးနွေးရန် သဘောတူညီမှုဖြင့် ဆုံးဖြတ်ခဲ့သည်။ ယင်းသည်  သုံးနိုင်ငံ၏ နျူကလီးယား ရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုက သုံးနိုင်ငံ အနေနှင့် လူသိမခံစေဘဲ လုပ်ဆောင်နိုင်သည့် သီးသန့်အရေးကိစ္စ မဟုတ်သောကြောင့် IAEA အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းစီမံခန့်ခွဲရမည့် သဘောဆောင်သည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ မည်သည့်လှည့်ကွက်များကို အသုံးပြုသည်ဖြစ်စေ အခြေခံ အဖြစ်မှန် တစ်ခုကို မပြောင်းလဲနိုင်ပေ။ ယင်းအဖြစ်မှန်မှာ သုံးနိုင်ငံ၏ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုတွင် လက်နက်အဆင့်  ယူရေနီယံအပျစ်နှင့် ဆက်စပ်နည်းပညာများနှင့် စက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးခြင်း ပါဝင်သောကြောင့် နျူကလီးယား ပြန့်ပွားမှု အန္တရာယ် များစွာ ရှိပြီး နျူကလီးယား လက်နက် မပြန့်ပွားစေရေး သဘောတူစာချုပ်၏ ရည်ရွယ်ချက်ကို ချိုးဖောက်ကာ IAEA အတွင်းရေးမှူးရုံး၏ တာဝန်နယ်ပယ်ကို ကျော်လွန်သွား၍ IAEA အဖွဲ့ဝင် နိုင်ငံများက အတူ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ရမည်ဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် တစ်ဖက်က မြောက်ကိုရီးယား နျူကလီးယား အရေးကိစ္စနှင့် အီရန်နျူကလီးယားအရေးကိစ္စများ အပေါ် စိုးရိမ်ပူပန်မှုများကို ဖော်ပြသည်၊ နောက်တစ်ဖက်ကတော့ သြစတြေးလျနှင့် နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှု အတွက် မီးစိမ်းပြနေသည်။ လက်ရှိတွင် IAEAကောင်စီ အစည်းအဝေးများက အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့၏ black-box လုပ်ဆောင်မှုများကို လေးကြိမ်တိုင်တိုင် ဆက်တိုက် ဟန့်တားခဲ့ခြင်းသည် လူတိုင်းက အမေရိကန်နှင့် ဗြိတိန်တို့၏ စံနမူနာပြု စံချိန်၂မျိုး ကျင့်သုံးခြင်း လုပ်ရပ်ကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ပြီ ဖြစ်ခြင်းအား ပြဆိုနေသည်။

သို့သော်လည်း ယခုအချိန်အထိ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ခြင်းမရှိသေးဘဲ ၎င်းတို့၏ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကို ဖုံးကွယ်ထားနေဆဲ ဖြစ်သည့်အပြင် IAEAမှ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲမှု ပြုလုပ်ရန် အတားအဆီး ဖန်တီးနေသည်။ ယင်းAnglo-Saxon အသိုင်းအဝိုင်း၏ ရည်ရွယ်ချက်မှာ အာရှ-ပစိဖိတ် ဒေသတွင် ဒေသတွင်း ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို နှိုးဆော်ရန်ပင် ဖြစ်သည်။

နျူကလီးယားလက်နက်သည် လူ့ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော "Damocles ဓား" ဖြစ်သည်။ မည်သည့် အခြေအနေမျိုးတွင် မဆို အမေရိကန်-ဗြိတိန်-သြစတြေးလျ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်း ဆောင်ရွက်မှုသည် ၎င်းတို့၏ သီးသန့်အရေးကိစ္စ မဟုတ်သလို ၎င်းတို့ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိပေ။ နျူကလီးယား မပြန့်ပွားစေရေး တာဝန်ဝတ္တရားကို မည်သို့ လိုက်နာဆောင်ရွက်မည်နည်း ဆိုသည်နှင့် ပတ်သက်၍ ၄င်းသုံးနိုင်ငံတို့သည် ကမ္ဘာကို ရှင်းပြချက် တစ်ခု ပေးရမည်ဖြစ်သည်။