သာမန်အလုပ်တွေကြားမှာ သံယောဇဉ်အစစ်အမှန်ကို မမေ့ပါနှင့် - ရှီကျင့်ဖိန်၏ နိုင်ငံတော်အပေါ် သံယောဇဉ်

(GMT+08:00)2022-09-10 13:03:53  

ဆောင်းဦးလယ် လမုန့်ပွဲတော်နေ့မှာ တရုတ်လူမျိုးတွေက မိသားစု ဆုံစည်းပြီး လကို အတူ ရှုစားကာ လမုန့်စားရင်း ဇာတိမြေနဲ့ ဆွေမျိုးမိသားစုဝင်တွေကို သတိရတတ်ပါတယ်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က “ယနေ့ခေတ် လူနေမှုအဖွဲ့အစည်းက လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ လူတွေက အလုပ်အတွက် ထမင်းမေ့ ဟင်းမေ့ဖြစ်နေပြီး ဘဝအတွက် အရပ်လေးမျက်နှာ အဝေးမှာ ပင်ပန်းစွာ လုပ်ကိုင်နေရပါတယ်။ ဒါပေမဲ့လည်း လူ့လောက သံယောဇဉ်အစစ်ကို မမေ့လျော့သင့်ပါဘူး။ ဝေးကွာတဲ့ အကွာအဝေးကြောင့် သံယောဇဉ်အစစ် မပြတ်သင့်ပါဘူး။ နေ့စဉ်အလုပ်တွေကြားမှာ သံယောဇဉ်အစစ်ကို မမေ့လျော့သင့်ပါဘူး။ နေ့ညမပြတ် ကြိုးပမ်းမှုတွေကြားမှာ သံယောဇဉ်အစစ်ကို လျစ်လျူ မရှုသင့်ပါဘူး” လို့ ဆိုခဲ့ဖူးပါတယ်။

ဆောင်းဦးလယ် လမုန့်ပွဲတော်က မိသားစုတွေ ပြန်လည်စုစည်းတဲ့ ပွဲတော်နေ့ပါ။ ရှီကျင့်ဖိန်က မိသားစု၊ စာရိတ္တနဲ့ ဆုံးမသွန်သင်မှုကို အမြဲအလေးထားပါတယ်။ သူ့အမြင်မှာတော့ “မိသားစုက လူ့ဘဝရဲ့ ပထမဆုံးစာသင်ခန်းပါ။ မိဘတွေက ကလေးတွေရဲ့ ပထမဆုံး ဆရာဆရာမတွေပါ။” ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရှီကျင့်ဖိန် ဖခင်ရဲ့ အသက် ၈၈ နှစ် မွေးနေ့ပါ။ တစ်မိသားစုလုံး ရှားရှားပါးပါး လူစုံတက်စုံ ဆုံစည်းကြပြီး ထိုစဉ်က ဖူကျန့်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ရှီကျင့်ဖိန်ပဲ အလုပ်များတာကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။ ရှီကျင့်ဖိန်လည်း အရှက်ရစွာနဲ့ ဖခင်ဆီကို မွေးနေ့ဆုမွန်ကောင်းတောင်းတဲ့ စာတစ်စောင် ရေးပို့လိုက်ပါတယ်။ ရှီကျင့်ဖိန် စာထဲမှာ မနေ့ညက ကျွန်တော် အိပ်မပျော်နိုင်ခဲ့ပါဘူး။ အဖေ့မွေးနေ့ကို ဆုတောင်းပေးရဖို့ စိတ်လှုပ်ရှားတဲ့အပြင် မွေးနေ့မှာ ကိုယ်တိုင်လာရောက် ဂုဏ်မပြုနိုင်တဲ့အတွက် ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ ကျွန်တော် မွေးကင်းစကတည်းက မိဘနဲ့အတူ နေထိုင်လာတာ ၄၈ နှစ်ရှိပါပြီ။ မိဘအပေါ် သိရှိမှုကလည်း မိဘအပေါ် သံယောဇဉ်အတိုင်း ကာလကြာလေ နက်ရှိုင်းလေ ဖြစ်ပါတယ်….. လို့ ရေးသားထားပါတယ်။

ရှီကျင့်ဖိန်က သူငယ်စဉ်တုန်းက မိခင်က သူ့ကို ကုန်းပိုးပြီး ကာတွန်းစာအုပ် “ယွဲ့ဖေးအကြောင်း” ဝယ်ပေးတာ၊ ယွဲ့ဖေးအမေက ယွဲ့ဖေးကိုယ်ပေါ်မှာ တိုင်းပြည်အပေါ် သစ္စာစောင့်သိခြင်း ဆိုတဲ့စာလုံး ဆေးမင်ကြောင်ထိုးပေးတဲ့ ပုံပြင်အကြောင်း ပြောပြတာကို အမှတ်ရခဲ့ဖူးပါတယ်။ မိဘရဲ့လွှမ်းမိုးမှုနဲ့ မိသားစုရဲ့သွန်သင်မှုကြောင့် ရှီကျင့်ဖိန်က အိမ်မှာ မိဘကိုသိတတ်ပြီး တိုင်းပြည်အတွက် သစ္စာစောင့်သိခြင်းဆိုတဲ့ တရုတ်အမျိုးသား ကောင်းမွန်သော အစဉ်အလာကို အမြဲတစေ ခံယူထားပါတယ်။ ရှီကျင့်ဖိန်က “မိသားစု သင့်မြတ်မှသာလျှင် လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှာပါ။ မိသားစု သာယာချမ်းမြေ့ မှသာလျှင် လူနေမှုအဖွဲ့အစည်းက မင်္ဂလာ ရှိမှာပါ။ မိသားစုယဉ်ကျေးမှသာ လူနေမှု အဖွဲ့အစည်းက ယဉ်ကျေးမှာဖြစ်တယ်” လို့ ဆိုခဲ့ဖူးပါတယ်။

အိမ်ဆိုတာ အသေးဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံဆိုတာ  အိမ် ထောင်သောင်းကို ဆိုပါတယ်။ “မိသားစု ထောင်သောင်းချီကောင်းမှသာ နိုင်ငံတော် ကောင်းနိုင်ပြီး လူမျိုးစု ကောင်းနိုင်မှာပါ။” ရှီကျင့်ဖိန်က မိသားစုရဲ့ အနာဂတ်ကံကြမ္မာက နိုင်ငံတော်နဲ့ လူမျိုးစုရဲ့ အနာဂတ်ကံကြမ္မာနဲ့ ရင်းနှီးစွာ ချိတ်ဆက်နေတယ်လို့ ယူဆပါတယ်။

ယနေ့ တရုတ်နိုင်ငံ ရိုးရာ ဆောင်းဦးလယ် လမုန့်ပွဲတော်အခါသမယမှာ သင်နဲ့ ဆွေမျိုးမိသားစုဝင်များ မကြာခဏ ဆုံစည်းနိုင်ပြီး မိသားစုဝင်များ ကျန်းမာကာ မိသားစု သင့်မြတ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။