ရှီကျင့်ဖိန် နဲ့ ဆရာဆရာမများအကြား အဖြစ်အပျက်များ။ ။တရုတ်ဘာသာစကား စာပေသင်ကြားသူ ဆရာမ ချန်ချိုးရင် - ဆရာတွေအပေါ် သူ့ရဲ့ လေးစားမှုက မမေ့နိုင်စရာပါပဲ

(GMT+08:00)2022-09-09 18:50:13  

၁၉၆၅ ခုနှစ် စက်တင်ဘာလတုန်းက အလယ်တန်းကျောင်း ပထမတန်းမှ တရုတ်ဘာသာစကား စာပေသင်ကြားသူ ဆရာမ ချန်ချိုးရင်ဟာ ကျောင်းသားသစ်များကို သင်ကြားပေးရပါတယ်။ ဒီထဲမှာ အသက် ၁၂ နှစ်အရွယ် ရှီကျင့်ဖိန်လည်း ပါဝင်ပါတယ်။ ချန်ချိုးရင်က စာသင်ခန်းထဲမှာ ထန်မင်းဆက်ခေတ် ကဗျာဆရာ တုဖူရဲ့ ကဗျာတွေကို သင်ကြားပေးခဲ့ပါတယ်။ ဒီ ကဗျာဆရာ ရေးသားခဲ့တဲ့ ကဗျာအများစုဟာ ပြည်သူတွေအပေါ် စာနာစိတ်နဲ့ ကရုဏာအပြည့် ရှိခဲ့ပါတယ်။ တုဖူရဲ့ကဗျာများကို သင်ကြားပြီးတဲ့အခါ ရှီကျင့်ဖိန်က အတန်းပြီးတော့ ဆရာမကို လာရှာပြီး ကဗျာဆရာကြီး တုဖူကို အလွန်လေးစားနှစ်သက်ကြောင်း၊ တုဖူရဲ့လက်ရာတွေကို ပိုမိုဖတ်ရှုနိုင်ရန် မျှော်လင့်ကြောင်း ပြောခဲ့တာကို ဆရာမချန်က အမှတ်ရနေခဲ့ပါတယ်။ ကြိုးစားသင်ယူပြီး တွေးခေါ်တတ်တဲ့ ဒီလူငယ်လေးကို ဆရာမချန်က စွဲမြဲစွာမှတ်မိနေခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အငြိမ်းစားယူပြီးတဲ့ ချန်ချိုးရင်ဟာ မရပ်မနား စာတွေရေးသားခဲ့ပြီး စာလုံးရေ ၁ သိန်းကျော်ရှိတဲ့ ကလေးပုံပြင်တွဲကို ဖန်တီးထုတ်ဝေခဲ့ပါတယ်။ သူမက မိမိရဲ့ စာအုပ်သစ်ကို ရှီကျင့်ဖိန်ထံ ပို့ပေးခဲ့ပါတယ်။ စာအုပ်သစ်ပို့ပေးပြီးမကြာမီမှာပဲ ထိုစဉ်က ဖူကျန့်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ ယာယီပြည်နယ်အုပ်ချုပ်ရေးမှူး ရှီကျင့်ဖိန်က စာပြန်ပို့ခဲ့ပါတယ်။ ရှီကျင့်ဖိန်က ပြန်စာထဲမှာ “ဆရာသမားကို လေးစားပြီး သင်ကြားလမ်းညွှန်ပေးမှုများကို အလေးထားတယ်” ဆိုတဲ့ စကားလုံးကို အသုံးပြုထားပြီး “လေးစားမှု” ဆိုတဲ့ စကားလုံးက ဆရာသမားအပေါ် ထားရှိတဲ့ ကျောင်းသားရဲ့ ခင်မင်ရင်းနှီးမှုကို ဖော်ပြနေတယ်လို့ ချန်ချိုးရင်က ပြောပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ဆရာများနေ့ မတိုင်မီ တစ်ရက်အလိုမှာ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး အကြီးအကဲဖြစ်နေပြီဖြစ်တဲ့ ရှီကျင့်ဖိန်ဟာ မိမိပညာသင်ကြားခဲ့တဲ့ ကျောင်းတော်ကြီးဖြစ်တဲ့ Beijing Bayi High School အထက်တန်းကျောင်းကို ပြန်လည်သွားရောက်ခဲ့ပြီး ဆရာဆရာမ ကျောင်းသားကျောင်းသူ များကို ကြည့်ရှုအားပေးခဲ့ပါတယ်။ အဲ့ဒီနေ့က ရှီကျင့်ဖိန်နဲ့ ချန်ချိုးရင် စတဲ့ ထိုစဉ်က ရှီကျင့်ဖိန်ကို စာသင်ကြားပေးဖူးတဲ့ ဆရာဆရာမတွေ တွေ့ဆုံခဲ့ပါတယ်။ ကျောင်းတော်ကြီးမှာ သူ့ရဲ့ အရင်းအမြစ်၊ သူ့ရဲ့ သံယောဇဉ်တွေ ရှိနေပြီး ဒီနေရာမှာ အကြီးအကဲဆိုတာ မရှိဘူး၊ ကျောင်းသားပဲ ရှိတယ်လို့ ရှီကျင့်ဖိန်က ပြောတာကို ကြားလိုက်ရတဲ့အခါ အသက် ၇၇ နှစ်အရွယ် ချန်ချိုးရင်က မျက်ရည်တွေ ကျလုမတတ်ပဲလို့ ပြောပါတယ်။ နှစ်ဆယ်ချီ ရှိခဲ့ပေမယ့် သူတို့ရဲ့ ဆရာနဲ့ကျောင်းသားအကြား ခင်မင်ရင်းနှီးမှုသံယောဇဉ်တွေဟာ နည်းနည်းလေးမှ မပြောင်းလဲခဲ့ပါဘူး။