ဥရောပက သဘာဝဓါတ်ငွေ့ ချို့တဲ့မှုကြောင့် စိုးရိမ်ပူပန်နေချိန်မှာ အမေရိကန်ကတော့ ဒီလို လုပ်နေတယ်

(GMT+08:00)2022-09-08 17:56:39  

အခုလောလောဆယ်မှာ ဥရောပနိုင်ငံများက သဘာဝဓါတ်ငွေ့ ချို့တဲ့မှုကြောင့် စိုးရိမ်ပူပန် နေကြတယ်။ တစ်ချိန်တည်းမှာ ရုရှားက နေရာများစွာမှာ စက်ကိရိယာတွေ ချို့ယွင်းမှုကြောင့် Nord Stream-၁ ပိုက်လိုင်းနဲ့ သဘာဝဓါတ်ငွေ့ ပို့လွှတ်မှုကို လုံးဝ ရပ်တန့်သွားမယ်လို့ ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ဒီပိုက်လိုင်းနဲ့ ပို့လွှတ်တဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ ရုရှားမှ ဥရောပသို့ သဘာဝဓါတ်ငွေ့ တင်ပို့မှု စုစုပေါင်း ပမာဏရဲ့ ၄၀ ရာခိုင်နှုန်း ရှိခဲ့တယ်။ ဒါကြောင့် ဒီပိုက်လိုင်းနဲ့ သဘာဝဓါတ်ငွေ့ ပို့လွှတ်မှု ရပ်တန့်ခြင်းက ဥရောပအတွက် ဘာတွေ ဖြစ်စေနိုင်မလဲဆိုတာ လူတိုင်းသိပါတယ်။

တစ်ချိန်တည်းမှာ ဥရောပရဲ့ မဟာမိတ် ဖြစ်တဲ့ အမေရိကန်က ဘာတွေများ လုပ်နေသလဲ။ မကြာခင်က အမေရိကန် စွမ်းအင်ဝန်ကြီးက အမေရိကန်မှ အဓိက ရေနံချက် ကုမ္ပဏီများကို စာရေးပို့ပြီး သူတို့အား လောင်စာဆီတင်ပို့မှု မတိုးမြှင့်ဖို့၊ အမေရိကန်ပြည်တွင်းမှာ သိုလှောင်မှုကို တိုးမြှင့်ဖို့ တောင်းဆိုခဲ့တယ်။

ဒီနှစ် မတ်လမှာ အမေရိကန်က ရုရှားစွမ်းအင်အပေါ် အရေးယူပိတ်ဆို့မှု ပြုလုပ်ဖို့ ကြေညာခဲ့ပြီးနောက် ပြည်တွင်းလုပ်ငန်းကုမ္ပဏီများအတွက်တော့ “ကြားခံအချိန်ကာလ” တစ်ခုကို သတ်မှတ်ပေးခဲ့ပြီး ရည်ရွယ်ချက်ကတော့ ရုရှားမှ ရေနံအမြောက်အမြားကို ဝယ်ယူနိုင်ဖို့ ဖြစ်တယ်။ မီဒီယာများမှ ဖေါ်ပြချက်အရ ရုရှားနဲ့ ယူကရိန်းအကျပ်အတည်း ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အမေရိကန်ဟာ တစ်လျှောက်လုံးဆိုသလို ရေနံစိမ်း အပါအဝင် ရုရှားမှ အဓိက စွမ်းအင်ဆိုင်ရာ ကုန်ပစ္စည်းများကို တင်သွင်းနေခဲ့တယ်။ တစ်ဖက်မှာ ဥရောပမိတ်ဖက်များကို နှစ်သိမ့်ဖို့အတွက် အမေရိကန်က ဥရောပရဲ့ စွမ်းအင် ပြတ်လပ်မှု များကို ဖြည့်စွက်ပေးမယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမယ့် အဲဒါဟာ စေတနာနဲ့ ဖြည့်စွက်ပေးတာတော့ မဟုတ်ဘဲ ရောင်းဝယ်မှု တစ်မျိုး ဖြစ်တယ်။ အမေရိကန် Business Insider ဝက်ဘ်ဆိုက်မှ သတင်းဖေါ်ပြချက်အရ အမေရိကန် ကုမ္ပဏီရဲ့ ဥရောပသို့ ခုတ်မောင်းတဲ့ သဘာဝဓါတ်ငွေ့အရည် တင်ဆောင်တဲ့ သင်္ဘောတစ်စင်းတိုင်းဟာ အမြတ်အစွန်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိရရှိနိုင်ခဲ့တယ်။ အမေရိကန်ဟာ ကယ်တင်ရှင်အဖြစ် ဟန်ဆောင်ပြီး ဥရောပနိုင်ငံများကို သဘာဝဓါတ်ငွေ့ ရောင်းချခြင်း ကနေ အမြတ်အစွန်း အမြောက်အမြားကို ရယူနေပါတယ်။ ဗြိတိန် ကျွမ်းကျင် ပညာရှင်များက ဥရောပနဲ့ အမေရိကန်တို့ ရုရှားကို အဆက်မပြတ် အရေးယူပိတ်ဆို့ရင် ဥရောပရဲ့ စွမ်းအင်အကျပ်အတည်းလည်း အဆက်မပြတ် ဖြစ်ပေါ်သွားမယ်လို့ ဖေါ်ပြခဲ့တယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။