နိုင်ငံတော်ကောင်စီ မြေငလျင် ခုခံကယ်ဆယ်ရေး ကွပ်ကဲမှုဌာနရုံးနှင့် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့ စီချွမ်း ငလျင် ကယ်ဆယ်ရေးအတွက် အစွမ်းကုန် ပံ့ပိုးကူညီ

(GMT+08:00)2022-09-06 14:37:30  

စီချွမ်းပြည်နယ် လူတင့်ခရိုင်၌ ငလျင် လှုပ်ခတ်ပြီးနောက် တရုတ် နိုင်ငံတော် ကောင်စီ မြေငလျင် ခုခံကယ်ဆယ်ရေး ကွပ်ကဲမှု ဌာနရုံးနှင့် အရေးပေါ် စီမံခန့်ခွဲမှု ဦးစီးဌာနတို့သည် အမျိုးသား ငလျင် အရေးပေါ် တုံ့ပြန်ရေး အဆင့် (၃)ကို ချက်ချင်း ထုတ်ပြန်ခဲ့ပြီး အမျိုးသား သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ကော်မတီနှင့် အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့သည် အမျိုးသား ဘေးအန္တရာယ် ကယ်ဆယ်ရေး အရေးပေါ် တုံ့ပြန်မှုအဆင့်(၄)ကို စတင် ဆောင်ရွက်ခဲ့ပါသည်။ စီချွမ်းတွင် ငလျင်ကယ်ဆယ်ရေးကို အပြည့်အဝ ပံ့ပိုးရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့သည် ထိုနေ့တွင်ပင် ဗဟိုသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ် သန်း ၅၀ကို အရေးပေါ် ထုတ်ပေးခဲ့ကြောင်း၊ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် အမျိုးသား စားနပ်ရိက္ခာနှင့် မဟာဗျူဟာ အရန်ပစ္စည်းများဌာနနှင့်အတူ ရွက်ဖျင်တဲ ၃ ထောင်၊ စောင် ၁သောင်း၊ ခေါက်ခုတင် ၁သောင်း နှင့် အခြားဗဟိုကပ်ဘေးကယ်ဆယ်ရေးပစ္စည်းများကို စီချွမ်းပြည်နယ် လူတင့် ခရိုင်သို့ ထိုနေ့တွင် ပို့ဆောင်ပေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

၅ ရက်နေ့ ညနေ ၄နာရီအထိ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးသတ်အဖွဲ့ဝင် ၁၁၀၀ ကျော်၊ လုပ်ငန်းခွင် လုံခြုံရေး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀၊ သဘာဝဘေးအန္တရာယ် အင်ဂျင်နီယာ ကယ်ဆယ်ရေး ဝန်ထမ်း ၉၈ဦး၊ စက်ကိရိယာ၃၁စုံနှင့် ကယ်ဆယ်ရေးရဟတ်ယာဉ် တစ်စင်းကို ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငလျင်လှုပ်ခတ်ရာနေရာသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။