ကန်သည် ရုရှားနယ်စပ်ဒေသ အနီးတဝိုက်တွင် ဇီဝစမ်းသပ်ခန်း ၅၀ကျော်ကို ထိန်းချုပ် ထားသည်ဟု ရုရှားစစ်ဘက် ဆို

(GMT+08:00)2022-09-05 14:16:38  

ရုရှား ဓာတ်ရောင်ခြည်၊ ဓာတုနှင့် ဇီဝကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူး Kirillov က ရုရှား နယ်စပ်ဒေသ အနီးတဝိုက်ရှိ ဇီဝစမ်းသပ်ခန်း ၅၀ ကျော် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ငွေကြေးထောက်ပံ့မှုဖြင့် ခေတ်မီပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ၄င်း ဇီဝစမ်းသပ်ခန်းများကို ထိန်းချုပ်နေလျက် ရှိကြောင်း စက်တင်ဘာလ ၃ရက်နေ့က ပြောကြားခဲ့သည်ဟု ရုရှားTass သတင်းဌာနက ရေးသားဖော်ပြပါသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မပြီးစီးသေးသော ဇီဝသုတေသန စီမံကိန်းများကို ယူကရိန်းနိုင်ငံမှ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများ၊ ဘူလ်ဂေးရီးယားနှင့် ချက် စသည့် နိုင်ငံများသို့ အလျင်အမြန် ပြောင်းရွှေ့ရန် ကြံစည်နေကြောင်း၊ အမေရိကန်နိုင်ငံမှ ဇီဝစမ်းသပ်ရေးစခန်းကွန်ရက် တိုးချဲ့ရေးလုပ်ရပ်မှာ ရုရှားနိုင်ငံ၏ စစ်ရေး လုံခြုံရေးကို ခြိမ်းခြောက်မည်ဖြစ်ကြောင်း ရုရှားTass သတင်းဌာနက ရေးသား ဖော်ပြပါသည်။

ရုရှားနိုင်ငံသည် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ အမေရိကန်နိုင်ငံမှ ဇီဝ လက်နက်ပိတ်ပင်ရေး ပဋိညာဉ်စာချုပ်ကို ချိုးဖောက်ခြင်းဆိုင်ရာ သက်သေ အထောက်အထားကို မကြာမီတွင် ဂျီနီဗာမြို့တွင် တင်ပြမည်ဖြစ်ပါသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သည့်အနှစ်၂၀အတွင်း အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံရှိ စမ်းသပ်ခန်း၊ ကျန်းမာရေးအဆောက်အအုံနှင့် ဆေးကုခန်း ၄၆ခုအတွက် ထောက်ပံ့မှုပေးခဲ့ကြောင်း ယခုနှစ် ဇွန်လက ဝန်ခံပြောကြား ခဲ့ပါသည်။ ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံ၏ ဇီဝ စမ်းသပ်ခန်းများမှာ ဒေသခံပြည်သူများအား ဆေးဝါးကုသရေး ဝန်ဆောင်မှုပေးခြင်း မဟုတ်ဘဲ ဇီဝလက်နက်ကို သုတေသနပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။