“အမေရိကန်ပုံစံ ဒီမိုကရေစီ” ရောက်ရှိသည့် နေရာတိုင်းတွင် ဒဏ်ရာဒဏ်ချက်များနှင့် အတိ ပြီးနေသည်ကို တွေ့မြင်ရ

(GMT+08:00)2022-09-02 16:13:10  

သြဂုတ်လ ၂၉ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်တွင် ပြင်းထန်သော ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ရာ လူ၃၀ထက်မနည်း သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ အမေရိကန်စစ်တပ်က အဓိက အကာအကွယ်ပေးထားသည့် “စိမ်းလန်းဇုန်”ကိုတောင် ဒုံးကျည်တိုက်ခိုက်မှု ခံခဲ့ရသည်။ New York Timesက ယင်းသည် အီရတ်အတွက် အန္တရာယ်ပိုများသည့် အဆင့်ကာလသို့ ဝင်ရောက်နေသည့် အစပိုင်း ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ရေးသားဖော်ပြသည်။

အရင်းခံအားဖြင့် အီရတ်တွင် မငြိမ်မသက်ဖြစ်မှုကို အစပြုသူသည် အမေရိကန်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်သည် အီရတ်စစ်ပွဲကို လှုံ့ဆော်ပြီး စစ်ပွဲအပြီးတွင် “အမေရိကန်ပုံစံ ဒီမိုကရေစီ” ကို အတင်းအကျပ် ထည့်သွင်းခဲ့သည်။ နှစ်ပေါင်း ၂၀ နီးပါး လက်တွေ့ဖော်ဆောင်ပြီးနောက်၊ "ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေး"ဆိုသည်က အီရတ်နိုင်ငံကို ပျက်စီးစေခဲ့သည်။

နိုင်ငံရေးအရ အမေရိကန်သည် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အီရတ်သို့ ထည့်သွင်းကာ ဘာသာရေးဂိုဏ်းများ အကြား အာဏာခွဲဝေပြီး အပြန်အလှန် ချုပ်ချယ်ထားသည့် အုပ်ချုပ်ရေးပုံစံကို တည်ထောင်ခဲ့သည်။ ကာ့ဒ်လူမျိုးသည် သမ္မတ တာဝန်ထမ်းဆောင်ပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကို အစ္စလာမ် ရှီးယိုက်ဂိုဏ်းနှင့် ဆွန်နီဂိုဏ်းအသီးသီးက ထမ်းဆောင်သည်။ ထို့ကြောင့် အီရတ်နိုင်ငံသည် နိုင်ငံရေးအရ နက်ရှိုင်းစွာ ကွဲလွဲခဲ့ပြီး နိုင်ငံရေး ပါတီဂိုဏ်းများ အကြား ပြန်လည်သင့်မြတ်ရေးဆီသို့ ရောက်ရှိရန် ခက်ခဲစေသည်။

စီးပွားရေးအရ စစ်ပွဲများနှင့် ပဋိပက္ခများသည် အီရတ်စီးပွားရေးအပေါ် မရေမတွက်နိုင်သော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ သက်ဆိုင်ရာ စာရင်း အရ ၁၉၉၀ပြည့်နှစ်တွင် အီရတ်နိုင်ငံ၏ လူတစ်ဦးချင်း ပျမ်းမျှ GDPပမာဏမှာ ၁၀၃၅၆ ကန်ဒေါ်လာရှိကြောင်း၊ သို့သော် ၂၀၂၀ပြည့်နှစ်တွင် ၄၁၅၇ ကန်ဒေါ်လာအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအရ အီရတ် ပြည်တွင်း နိုင်ငံရေး အခြေအနေရှုပ်ထွေးမှုကြောင့် အကြမ်းဖက်ဝါဒ လျင်မြန်စွာ ပျံ့နှံ့လာပြီး အီရတ်ပြည်သူများသည် တိုက်ရိုက် သားကောင်များ ဖြစ်လာပြန်သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ အကြမ်းဖက် တိုက်ခိုက်မှု ၃၄၀၀ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှု တစ်ခုစီတွင် ပျမ်းမျှ အပြစ်မဲ့လူ၎ဦး သေဆုံးခဲ့ကြောင်း Iraq War Civilian Deaths Statistics website အရ သိရသည်။

အီရတ်၏နိုင်ငံရေးမတည်ငြိမ်မှုသည် အီရတ်တွင် အမေရိကန်က"အမေရိကန်ပုံစံ ဒီမိုကရေစီ"ကို အကောင်အထည်ဖော်ဆောင်ရာ၌ လုံးဝ မအောင်မြင်ကြောင်း ပြသနေသည်။ အခြေခံအားဖြင့် ပြောရလျှင် ဤသည်မှာ အတင်းအကျပ် ပုံဖော်ထားသော "အမေရိကန်ပုံစံ ဒီမိုကရေစီ" နဲ့ လိုက်လျောညီထွေ မနေနိုင်သောကြောင့်သာ မဟုတ်ဘဲ အမေရိကန်မှ တင်ပို့သည့်အရာသည် ဒီမိုကရေစီ ဟန်ဆောင်ထားမှုဖြင့် အမှန်တကယ် အနိုင်ကျင့်မှုနှင့် ဖိနှိပ်ချုပ်ချယ်ခြင်း ဖြစ်ပြီး အမေရိကန်၏ ဗိုလ်ကျလွှမ်းမိုးရေးအာဏာကို ထိန်းသိမ်းကာကွယ်ရန် မဟာဗျူဟာမြောက် ကြိုးပမ်းမှု ဖြစ်ခြင်းကြောင့်လည်း ဖြစ်သည်။

အာဖဂန်နစ္စတန်မှ အီရတ်အထိ၊ “အမေရိကန်ပုံစံ ဒီမိုကရေစီ” လက်ထဲတွင် မည်သည့်နေရာ၌မဆို ရုန်းရင်းဆန်ခတ် ပဋိပက္ခများ၊ အပြစ်မဲ့ သားကောင်များနှင့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည် အများအပြား ရှိနေသည်။ နှစ်ပေါင်း၂၀အကြာတွင် အရှေ့အလယ်ပိုင်းရှိ အပြစ်မဲ့လူတစ်သန်းနီးပါးသည် “အမေရိကန် ပုံစံ ဒီမိုကရေစီ”ကြောင့် သားကောင်များ ဖြစ်လာသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ ပြစ်မှုကျူးလွန်မှုများကို အရေးယူရမည်ဖြစ်သည်။