ရှီကျင့်ဖိန်သည် တရုတ်-တောင်ကိုရီးယား သံတမန်ဆက်ဆံရေးထားရှိခြင်း နှစ်၃၀ ပြည့်အထိမ်းအမှတ်အဖြစ် တောင်ကိုရီးယားသမ္မတYoon Seok-Youlနှင့် ဂုဏ်ပြုသ၀ဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-08-25 18:23:55  

ဩဂုတ်လ ၂၄ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထားရှိခြင်း နှစ်၃၀ ပြည့်အထိမ်းအမှတ်အဖြစ် တောင်ကိုရီးယားသမ္မတ Yoon Seok-Youlနှင့် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိသည့်နှစ် ၃၀ အတွင်း နှစ်ဖက်စလုံး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် တရုတ်-တောင်ကိုရီးယားဆက်ဆံရေးသည် ခေတ်နှင့်အညီ ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး အောင်ကျိုးရလဒ်များ ရရှိခဲ့ကာ နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ကြီးမားသောအကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့သလို ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးသော အကျိုးပြုမှုများ ပြုလုပ်ခဲ့သည်ဟု ဖေါ်ပြပါသည်။

Yoon Seok-Youlက ၁၉၉၂ခုနှစ် သံတမန်ဆက်ဆံရေး ထားရှိကတည်းက နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် ခိုင်မာစေခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား နှစ်စဉ်ကုန်သွယ်မှုပမာဏသည် အဆ၅၀နီးပါး တိုးမြင့်လာခဲ့ပြီး ကြွယ်ဝများပြားသော ယဉ်ကျေးမှုဖလှယ်မှုများကြောင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှု တိုးမြှင့်ပေးခဲ့ကြောင်း၊ ယင်းမှာ အဓိကအားဖြင့် နှစ်နိုင်ငံရှိ အလွှာပေါင်းစုံ၏ ကြိုးပမ်းအားထုတ်မှုနှင့် ပြည်သူများ၏ အားပေးထောက်ခံမှုကြောင့် ဖြစ်ကြောင်း ဖေါ်ပြပါသည်။