ဆီးရီးယားတွင် တရားမဝင် တပ်စွဲနေသည့် ကန်တပ်ဖွဲ့သည် ရေနံတင်ကား ၁၃၇ စီးဖြင့် ဆီးရီးယားရေနံကို ထပ်မံခိုးယူပို့ဆောင်

(GMT+08:00)2022-08-22 14:19:29  


ဒေသစံတော်ချိန် သြဂုတ်လ ၂၁ရက်နေ့ လင်းအားကြီးအချိန်တွင် အတိုက်အခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် “ဆီးရီးယား ဒီမိုကရေစီတပ်ဖွဲ့”၏ ကူညီမှုဖြင့် ဆီးရီးယားနိုင်ငံတွင် တရားမဝင် တပ်စွဲနေသည့် အမေရိကန်တပ်ဖွဲ့သည် ရေနံတင်ကား ၁၃၇ စီးဖြင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရေနံမြေမှ ခိုးယူလာသည့်ရေနံကို သယ်ယူပြီး တရားမဝင် မာမိုဒီ နယ်စပ်ဂိတ်မှတစ်ဆင့် အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့၏ စစ်စခန်းသို့ ပို့ဆောင်ခဲ့ပါသည်။
မကြာမီက ဆီးရီးယားနိုင်ငံတွင် တရားမဝင် တပ်စွဲနေသည့် အမေရိကန်တပ်ဖွဲ့မှ ဆီးရီးယားနိုင်ငံ၏ ရေနံကို ခိုးယူပို့ဆောင်မှု များသထက်များလာပါသည်။ သြဂုတ်လတွင် အမေရိကန်တပ်ဖွဲ့သည် ရေနံတင်ကား စုစုပေါင်း အစီး ၆၀၀ခန့်ဖြင့် ဆီးရီးယားနိုင်ငံ၏ ရေနံကို ၇ကြိမ်ထက်မနည်း ခိုးယူပို့ဆောင်ခဲ့ပါသည်။ ဆီးရီးယားအစိုးရက အမေရိကန်နိုင်ငံ၏ “ပင်လယ်ဓားပြ”လုပ်ရပ်ကို ကြိမ်ဖန်များစွာ အပြစ်တင်ရှုတ်ချ ခဲ့သည့်အပြင် အမေရိကန်နိုင်ငံ၏ ခိုးယူမှုလုပ်ရပ်မှာ ရှက်ဖွယ်ကောင်းကြောင်း၊ ဆီးရီးယားနိုင်ငံတွင် ပြင်းထန်သော စွမ်းအင်ချို့တဲ့မှု ဖြစ်ပွားစေပြီး လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးအန္တရာယ် ပိုမိုပြင်းထန်လာစေကြောင်းလည်း ပြောကြားခဲ့ပါသည်။