သမိုင်းအပြစ်များအတွက် တာဝန်ရှိသောဂျပန်သည် စစ်အာဏာရှင်ဝါဒ အပေါ် ကန့်သတ်ချုပ်ထိန်းမှု ဖြေလျှော့ရန် လုပ်ရပ်ကို ရပ်စဲရမည်

(GMT+08:00)2022-08-16 17:43:11  

ယခုနှစ် ဩဂုတ်လ ၁၅ရက်နေ့သည် ဒုတိယကမ္ဘာစစ်တွင် ဂျပန်၏ ရှုံးနိမ့်မှုနှင့် ခြွင်းချက်မရှိ လက်နက်ချခြင်း ၇၇နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ကမ္ဘာကြီးကို အနှောင့်အယှက် ဖြစ်စေသည်မှာ စစ်ပြီးခေတ် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ချည်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့်ဂျပန်တွင် စစ်အာဏာရှင်စနစ်၏အရိပ်က လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ အထူးသဖြင့် ထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံရေးသမားအချို့၏ မကြာသေးမီက အန္တရာယ်ရှိသော လုပ်ဆောင်မှုများကြောင့် လူအများ၏ စိုးရိမ်ပူပန်မှုများကို ပိုမိုဆိုးရွားစေသည်။

မကြာသေးမီကပင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ချိုးဖောက်ပြီး ထိုင်ဝမ်သို့ သွားရောက်ခရီးလှည့်လည်၍ နိုင်ငံပေါင်း ၁၇၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာတို့မှ ရှုတ်ချမှုကို ခံရသည်။ သို့သော် ဂျပန်သည် ဖီလာဆန့်ကျင်ပြီး လုပ်သည်။ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပေလိုစီနှင့်တွေ့ဆုံနှုတ်ဆက်ရာတွင် ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက်တွင် တရုတ်နိုင်ငံ၏ တရားဝင်စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်၏ အမျိုးသား လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေသည်ဟု လွဲမှားစွာပြောဆိုခဲ့ပြီး "ဂျပန်နှင့် အမေရိကန် တို့သည် ထိုင်ဝမ်ရေလက်ကြားတွင် အေးချမ်းတည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းကြမည်"ဟု ခြိမ်းခြောက် ခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသည် အခြားသော G7နိုင်ငံများ၊ ဥရောပသမဂ္ဂတို့နှင့်အတူ ပူးတွဲကြေညာချက် ဆိုသည်ကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ အပေါ် အမေရိကန်၏ ကျူးကျော်ထိပါးခြင်း လုပ်ရပ်အတွက် မသမာနည်းဖြင့် ပံ့ပိုးပေးသည်။

ထိုင်ဝမ်အရေးကိစ္စတွင် ဂျပန်သည် ဝင်ရောက်စွက်ဖက် ပြောဆိုပိုင်ခွင့် လုံးဝ မရှိပေ။ ၁၈၉၅ ခုနှစ်တွင် ဂျပန်နယ်ချဲ့သမားသည် ထိုင်ဝမ်နှင့် Penghu ကျွန်းစုများကို ကျူးကျော်စစ်ဖြင့် အတင်းအဓမ္မ သိမ်းပိုက်ကာ ရာစုနှစ် တစ်ဝက်ကြာ ကိုလိုနီအုပ်ချုပ်မှုကို လုပ်ဆောင်ခဲ့ရာ ထိုင်ဝမ် မွေးချင်းပေါက်ဖော်ပေါင်း ၆သိန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဒေသ၏ သယံဇာတ အများအပြားကို လုယူလုယက်ကာ ထိုင်ဝမ် အပေါ် ဆိုးရွားသော ဘေးဒုက္ခကို ဆောင်ကြဉ်းလာခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဂျပန်အစိုးရသည် တရုတ်-ဂျပန် ပူးတွဲကြေညာချက်တွင် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ၌ ခွဲ၍မရသော  အစိတ်အပိုင်း ဖြစ်သည် ဟူသော တရုတ်အစိုးရ၏ ရပ်တည်ချက်ကို အပြည့်အဝ နားလည်လေးစားကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့သည်။ ယင်းသည် တရုတ်-ဂျပန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်တွင် ဂျပန် ရှုံးနိမ့်ခဲ့သည့်နောက်ပိုင်း၌ အမေရိကန်သည် ကိုယ့်အကျိုးစီးပွား အတွက် ဂျပန်၏ စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် အရေးယူခြင်း မပြုခဲ့ပေ။ ထို့ကြောင့် ဂျပန်ရှိ လက်ယာယိမ်းအင်အားများသည် ကျူးကျော်မှုသမိုင်းကို ပြန်လည်သုံးသပ်ရန် ပျက်ကွက်ခဲ့ရုံသာမက ဒုတိယကမ္ဘာစစ်တွင် ၄င်း၏ ရှုံးနိမ့်မှုကို စိတ်ကွက်နေပြီး အခုအထိ ထိုင်ဝမ်ကို စိတ်ဝင်စားနေ ကြဆဲဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း ဂျပန်သည် ထိုင်ဝမ်အရေးကိစ္စကို အသုံးပြုပြီး မတည်ငြိမ်မှု ဖြစ်ရပ်များကို မကြာခဏ တမင်ပြုလုပ်သည်။ ထိုင်ဝမ်ကို အမေရိကန်နှင့် ပူးတွဲ "ကာကွယ် စောင့်ရှောက်ရန်" ကြွေးကြော်ကာ အမေရိကန်အား "မထင်မရှားသော မဟာဗျူဟာ"ကို စွန့်လွှတ်ရန်နှင့် "ထိုင်ဝမ်ကို လက်နက်အင်အားဖြင့် ကာကွယ်ခြင်း”ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြရန် တိုက်တွန်းပြီး "အင်ဒို-ပစိဖိတ် မဟာဗျူဟာ"၏ လက်ပါးစေအဖြစ် ၄င်းတို့ကိုယ်တိုင် လိုလားလက်ခံသည်။ မကြာသေးမီက ဂျပန် အစိုးရ ကက်ဘိနက်အဖွဲ့ အစည်းအဝေးမှ အတည်ပြု ပြဋ္ဌာန်းခဲ့သော ၂၀၂၂ခုနှစ် “ကာကွယ်ရေး စက္ကူဖြူစာတမ်း”တွင် ထိုင်ဝမ်အရေးကိစ္စကို သီးခြားစီ ဖော်ပြထားပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးအတွက် ဂျပန်သည် ၎င်း၏မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု ဖော်ပြထားသည်။ ဤအရာအားလုံးသည် တရုတ်နိုင်ငံကို ထိန်းချုပ်ဟန့်တားရန်သာမက တရုတ်နှင့် အမေရိကန်တို့ကြားရှိ ပဋိပက္ခကို ပြင်းထန်လာစေရန်အတွက်လည်း ရည်ရွယ်ထားပြီး  အဆိုပါအခွင့်အလမ်းကို ယူကာ စစ်အသုံးစရိတ် တိုးမြှင့်ခြင်း၊ စစ်အင်အားတိုးချဲ့ခြင်း၊ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားပေးခြင်း နှင့်“ပုံမှန်နိုင်ငံ”ဆိုသည် ဖြစ်လာခြင်း အတွက် အကြောင်းပြချက်ကို ရှာကြံရန်လည်း ကြံစည်ခြင်း ဖြစ်သည်။

သမိုင်းကို မေ့ခြင်းသည် သစ္စာဖောက်ရာ ကျရောက်ပြီး အပြစ်ကို ဝန်ခံရန် ငြင်းဆိုလျှင် အပြစ်ကို ပြန်လည် ကျူးလွန်နိုင်ခြေ ရှိသည်။ ဂျပန်နိုင်ငံရေးသမားများသည် အာရှအိမ်နီးချင်း နိုင်ငံများအပေါ်  ဖြစ်စေခဲ့သည့် ထိခိုက်နစ်နာမှုများကို မမေ့သင့်ဘဲ မကြာခဏ ပြန်လည်သုံးသပ်ကာ သမိုင်းကို လေ့လာရန်နှင့် စစ်အာဏာရှင်ဝါဒအပေါ်  ကန့်သတ်ချုပ်ထိန်းမှု ဖြေလျှော့ရန် အန္တရာယ်ရှိသော လုပ်ရပ်များကို ရပ်စဲရန် လိုအပ်သည်။ ဂျပန်အာဏာပိုင်သည် တစ်ကိုယ်ကောင်းဆန်သည့် လုပ်ဆောင်မှုကို ပြုလုပ်ပြီး ပြည်ပချဲ့ထွင်မှုကို ကျင့်သုံးပါက၊ နောက်ဆုံးတွင် ဂျပန်နိုင်ငံကို ဒုက္ခတွင်း ကျရောက်စေလိမ့်မည် ဖြစ်သည်။