တရုတ်စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာ

(GMT+08:00)2022-08-16 17:43:42  

တရုတ်အစိုးရမှ ထုတ်ပြန်သောစာရင်းအရ ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးမှာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၂.၅ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ ၄င်းအနက် ပထမသုံးလပတ်တွင် ၄.၈ရာခိုင်နှုန်း တိုးများလာခဲ့ပြီး ဒုတိယသုံးလပတ်တွင် ၀.၄ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ အထူးသဖြင့် ဒုတိယသုံးလပတ်တွင် စီးပွားရေးတိုးတက်မှု အလွယ်တကူရရှိခြင်း မဟုတ်ဘဲ စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ ဇူလိုင်လက နိုင်ငံတကာပတ်ဝန်းကျင် ပိုမိုရှုပ်ထွေးတင်းမာလာပြီး ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူခြင်း အရှိန်လျော့လာကာ ပြည်တွင်းနေရာများစွာ၌ ကိုဗစ်-၁၉ရောဂါသည် တစ်ဦးတစ်လေ တွေ့ရှိနိုင်သည့်အခြေအနေမျိုးတွင် ပူအိုက်ခြင်းနှင့် မိုးများခြင်း စသည့် အကြောင်းအချက်များနှင့် ထပ်ဆင့်ရင်ဆိုင်ရသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ခြေလှမ်းမှန်မှန်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာသဖြင့် ရခဲလှပါသည်။

လွန်ခဲ့သည့်၁၀ရက်ကျော်တုန်းက တရုတ်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း၏ နောက်ဆုံးထုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် လေ့လာရေး အစီရင်ခံစာတွင် ဒုတိယသုံးလပတ်၌ တရုတ်နိုင်ငံတွင် လုပ်ငန်းအတိုင်းအတာ ထိန်းထားပြီး တိုးချဲ့လာသော နိုင်ငံခြားလုပ်ငန်းများ၏ ပါဝင်မှုနှုန်းမှာ ၉၁ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြထားပါသည်။ ဈေးကွက်တိုးချဲ့ရေးနှင့် တရုတ်နိုင်ငံသည် လုပ်ငန်းများ၏ မဟာဗျူဟာမြောက် အဓိကနေရာဖြစ်ခြင်းမှာ နိုင်ငံခြားလုပ်ငန်းများမှ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လာသော အဓိကအကြောင်းရင်းများ ဖြစ်ကြပါသည်။ နောက်ဆုံးထုတ် ဇူလိုင်လ၏ စီးပွားရေးစာရင်းကြောင့် ၄င်းတို့၏ ယုံကြည်စိတ်ကို ပိုမိုခိုင်မာလာစေပါသည်။

ဇူလိုင်လက တရုတ်နိုင်ငံ၏ စီးပွားရေး အဓိကကုန်ထုတ်လုပ်မှု လိုအပ်ချက် အညွှန်းကိန်း ဂဏန်းများ နာလန်ပြန်ထူရန် အရှိန်အဟုန်ကို ထိန်းသိမ်းထားခဲ့ပါသည်။

တရုတ်စီးပွားရေးအတွက် အလုပ်အကိုင်နေရာချထားရေးနှင့် ကုန်ဈေးနှုန်းသည် အရေးကြီးသော အညွှန်းကိန်းဂဏန်းနှစ်ခုဖြစ်ပါသည်။ ဇူလိုင်လက တရုတ်နိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ပြ အလုပ်လက်မဲ့နှုန်းမှာ ၅.၄ရာခိုင်နှုန်းဖြစ်ပြီး ဇွန်လကထက် ၀.၁ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါသည်။ အလုပ်အကိုင်နေရာချထားရေး တည်ငြိမ်လာလျှင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် ပိုမိုတည်ငြိမ်လာပါသည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံတစ်နိုင်ငံလုံး စားသုံးသူဈေးနှုန်းသည် ယမန်နှစ် အလားတူအချိန်ပိုင်း ကထက် ၂.၇ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ တစ်နှစ်ပတ်လုံး ၃ရာခိုင်နှုန်းခန့် ခန့်မှန်း လျာထားချက်ထက် ပိုမိုနိမ့်ပါသည်။ လက်ရှိ တစ်ကမ္ဘာလုံးတွင် ငွေကြေးဖောင်းပွမှု ဆက်လက် တိုးများလာသဖြင့် တရုတ်နိုင်ငံ၏ ကုန်ဈေးနှုန်းတည်ငြိမ်မှုနှင့် ဥရောပ-အမေရိကန်နိုင်ငံများတွင် ၈ ရာခိုင်နှုန်းကျော် တိုးတက်နှုန်းတို့သည် လွန်စွာ မြင်သာသည့် နှိုင်းယှဉ်မှုများအဖြစ် ရှိလာပါသည်။

ပြင်သစ် Schiller သုတေသနဌာနမှ သုတေသီ၊ နိုင်ငံတကာရေးရာပညာရှင် SébastienPérimony က ယူကရိန်းအကျပ်အတည်းစသည့် အကြောင်းရင်းများကြောင့် ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရန် ဖိအားများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံအချို့တွင် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၊ တိုးတက်မှု နမ့်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ဒြပ်ရှိစီးပွားရေး၊ အလုပ်အကိုင်နေရာချထားရေးနှင့် စားသုံးမှုတို့ကို ထိခိုက်စေကြောင်း၊ ၄င်းအခြေအနေမျိုးတွင် တရုတ်နိုင်ငံ၏ စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာခြင်းမှာ ကမ္ဘာ့အတွက် သေချာမှုများ ဆောင်ကြဉ်းလာပြီး အလွန် အဖိုးတန်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်-အမေရိကန်ကုန်သည်များအသင်း၊ တရုတ်-ဂျာမဏီကုန်သည်များအသင်းမှ မကြာမီက ထုတ်ပြန်သောအစီရင်ခံစာများတွင် အမေရိကန်လုပ်ငန်း ရာခိုင်နှုန်း၆၀ကျော်နှင့် ဂျာမဏီလုပ်ငန်း ရာခိုင်နှုန်း၇၀ကျော်တို့သည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ရန် စီမံကိန်းကို ရေးဆွဲကြကြောင်း ဖော်ပြထားပါသည်။ ယခုနှစ်တွင် BMW ဗောင်ဝစ်ဂွန်၊ ဟွန်ဒိုင်းနှင့် SCANIA စသည့် နိုင်ငံခြားလုပ်ငန်းများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးများဆောင်ရွက်ခဲ့ကြပါသည်။

မကြာမီက တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် တရုတ်ပြည် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲ၌ နိုင်ငံတကာ ခင်းကျင်းပြသဇုန်၏ ဧရိယာအကျယ်အဝန်းမှာ ခင်းကျင်းပြသဇုန် စုစုပေါင်း ဧရိယာ အကျယ်အဝန်း၏ ရာခိုင်နှုန်း ၈၀ ပါဝင်ခဲ့ပါသည်။ နိုင်ငံနှင့်ဒေသ ၆၁ ခုမှ အမှတ်တံဆိပ် ၁၆၀၀ကျော် ပါဝင်ခင်းကျင်းပြသခဲ့ကြပါသည်။

လက်ရှိ ကမ္ဘာ့စီးပွားရေး Stagflation အန္တရာယ်တိုးများလာပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေး နာလန်ပြန်ထူရန် အခြေခံ မခိုင်မာသေးပါ။ အခက်အခဲနှင့် စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေး ရေရှည်ကာလတွင် ကောင်းမွန်တိုးတက်လာမည့် အခြေခံ အခြေအနေသည် ပြောင်းလဲမည် မဟုတ်ပါ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ စီးပွားရေးခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက် စေရေး၊ ဖွံ့ဖြိုးတိုးတက်မှု လုံခြုံစေရေး မူဝါဒများကို ကျင့်သုံးခြင်းကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ နာလန်ပြန်ထူရန် ရှေ့အလားအလာ ရှိပြီး ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုများပြားသောယုံကြည်စိတ်နှင့် အင်အား များကို ဆောင်ကြဉ်းလာမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရေးမှာ အနာဂတ်ကို ရင်းနှီးမြှုပ်နှံရေး ဖြစ် ပါသည်။ အချိန်က ၄င်းကို ဆက်လက် သက်သေပြနိုင်ပါသည်။