ကျူးကျော်မှုသမိုင်း ဂျပန် ငြင်းဆိုခြင်းကို လက်မခံနိုင်ကြောင်း နိုင်ငံများစွာမှ ပုဂ္ဂိုလ်များ ပြောဆို

(GMT+08:00)2022-08-15 17:23:53  

၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ရက်နေ့သည် ဂျပန်နိုင်ငံမှ ခြွင်းချက်မရှိ လက်နက်ချ ခဲ့သည့်နေ့ ဖြစ်ပါသည်။ သက်သေအထောက်အထား ခိုင်လုံသော်လည်း ဂျပန်နိုင်ငံမှ အင်အားအချို့သည် သမိုင်းပြဿနာပေါ်တွင် မှားယွင်းသောထင်မြင်ယူဆမှုကို စွဲကိုင်ထား ကြပါသည်။ ကျူးကျော်မှုသမိုင်းကို ထပ်ခါတလဲလဲ ငြင်းဆိုပြီး ကမောက်ကမ ဖြစ်စေကာ အမွှမ်းတင်ကြပါသည်။ အပြစ်များကို မရင်ဆိုင်ရဲဝံ့ဘဲ တိမ်းရှောင်ကြလျက်ရှိပါသည်။ ယင်းနှင့်ပတ်သက်၍ အာရှနိုင်ငံများစွာမှ ပုဂ္ဂိုလ်များက ထိုသို့လုပ်ရပ်မှာ အန္တရာယ် များစွာရှိပြီး လက်မခံနိုင်ကြောင်း ပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ နိုင်ငံတကာရေးရာပညာရှင် ဦးခင်ဇော်ဝင်း က ဂျပန်နိုင်ငံသည် မိမိ၏ စစ် ပြစ်မှုကျူးကျော်မှုကို ပွင့်ပွင့်လင်းလင်း ဝန်ခံခြင်း မရှိကြောင်း၊ စစ် ပြစ်မှုကျူးကျော်မှုနှင့် ပတ်သက်၍ ရိုးသားစွာ တောင်းပန်ခြင်း မရှိကြောင်း၊ အညံ့ဆုံးသောလုပ်ရပ်မှာ နန်ကင်း အစုလိုက်အပြုံလိုက် လူသတ်ဖြတ်ခြင်းကို ငြင်းဆိုခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်လျှင် ပြင်းထန်သောပြဿနာ ဖြစ်ပြီး စိုးရိမ်ဖွယ်ရာကောင်းသည်ဟု မိမိယူဆကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံတွင် မှီတင်းနေထိုင်သော မလေးရှားဝါရင့်မီဒီယာသမား Chong Tien Siong က မကြာမီနှစ်များတွင် ဂျပန် လက်ယာယိမ်းနိုင်ငံရေးသမားအချို့သည် စစ်ပြစ်မှု ကျူးလွန်မှုကို သေသေချာချာ ဆင်ခြင်သုံးသပ်ခြင်း မရှိဘဲ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ရန်၊ စစ်သုံးစရိတ် တိုးများလာစေရန်၊ ဒုတိယကမ္ဘာ့စစ်ကြီးပြီးနောက် နိုင်ငံတကာ စည်းစနစ်ကို ပြောင်းလဲရန် ကြံစည်နေသဖြင့် သတိပြုရန်လိုကြောင်း၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူများသည် သမိုင်းကို ပြန်ဖြစ်ရန် မမျှော်လင့်ကြကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံတကာဆက်ဆံမှုရေးရာပညာရှင် Annaက ဂျပန်ပြည်သူများ သို့မဟုတ် ဂျပန်အစိုးရသည် တကယ့်ဖြစ်ပျက်ခဲ့ခြင်းကို လက်ခံသင့်သည်ဟု မိမိ ယူဆကြောင်း၊ ၄င်းကို ဖုံးကွယ်၍ မရဘဲ လူတိုင်းသိကြောင်း၊ ၄င်းဒေသရှိ နိုင်ငံအသီးသီး တို့သည် ဂျပန်နိုင်ငံ၏ အကြမ်းဖက်မှုများကို ရှင်းရှင်းလင်းလင်း သိရှိကြောင်း၊ ဂျပန်နိုင်ငံသည် မတူညီသောနိုင်ငံများတွင် ထိခိုက်နစ်နာစေသော လုပ်ရပ်များကို ပြုလုပ်ပြီး နိုင်ငံများစွာတွင် “တပ်တွင်းလိင်ကျွန်”ဒုက္ခသည်များ ရှိကြကြောင်း၊ ၄င်းမှာ သက်သေ အထောက်အထား ရှိကြောင်း ပြောကြားခဲ့ပါသည်။