အရှေ့အလယ်ပိုင်း စသည့်ဒေသများမှ ကန်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖွင့်ချ ဖော်ထုတ်ပြီး အရေးယူသင့်

(GMT+08:00)2022-08-10 17:36:49  

သြဂုတ်လ ၉ ရက်နေ့တွင် တရုတ်လူ့အခွင့်အရေးသုတေသနအဖွဲ့သည် လေ့လာရေးအစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ စစ်ဆင်ခြင်း၊ အရပ်သူ အရပ်သားများ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ တစ်ဖက်သတ်အရေးယူမှု အလွဲသုံးစားပြုလုပ်ခြင်းနှင့် “ယဉ်ကျေးမှုအငြင်းပွားမှု” ဖန်တီးခြင်းအပါအဝင် အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်း နှင့် အနီးတစ်ဝိုက်ဒေသများတွင် ပြုလုပ်ခဲ့သည့် ပြစ်မှုကျူးလွန်မှုများကို ဖွင့်ချ ဖော်ထုတ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် မူစလင်နိုင်ငံများအတွက် အကြီးဆုံးသော အနှောင့်အယှက်ပေးသူဖြစ်သည်ဟု တစ်ကမ္ဘာလုံးက ထပ်မံရှင်းလင်းစွာ တွေ့ရှိနိုင်ပါသည်။

စစ်ပွဲဟာ အမေရိကန်ပြည်သူများ၏ နေထိုင်မှုဘဝဖြစ်သည်ဟူသော အမေရိကန် သမိုင်းပညာရှင် Paul Atwood ၏ ပြောဆိုချက်ကို အဖြစ်မှန်ဖြင့် အကြိမ်ကြိမ် သက်သေပြနိုင်ပါသည်။ ၁၇၇၆ ခုနှစ်က အမေရိကန်နိုင်ငံကို ဖွဲ့စည်းတည်ထောင်ပြီးနောက် နှစ်၂၄၀ ကျော်အတွင်းတွင် အမေရိကန်နိုင်ငံသည် စစ်ပွဲတွင် မပါဝင်ခဲ့သည့်အချိန်မှာ နှစ်၂၀ သာ ရှိပါသည်။ အမေရိကန် Smithsonian မဂ္ဂဇင်းမှ ထုတ်ပြန်သောစာရင်းအရ ၂၀၀၁ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံသည် အကြမ်းဖက်တိုက်ဖျက်ရေး အမည်ဖြင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံရာခိုင်နှုန်း ၄၀ ခန့်တွင် စစ်ဆင်ရေးနှင့် စစ်ရေးဆောင်ရွက်မှုများ ပြုလုပ် ခဲ့ပါသည်။ လွန်ခဲ့သည့်နှစ် ၂၀ အတွင်းတွင် အမေရိကန်နိုင်ငံ၏ စစ်လိုလားခြင်းကြောင့် အရပ်သူအရပ်သား ၃.၃၅ သိန်း အပါအဝင် လူ ၈ သိန်းကျော် သေဆုံးစေခဲ့ပါသည်။

အမေရိကန်တပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံနယ်စပ်ဒေသတွင် ပေါင် ၂၅၀၀ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှင့်ကလေးသူငယ် ၆၄ ယောက် သေဆုံးစေခဲ့ကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလက နယူးယောက်တိုင်းမ်သည် ရေးသားဖော်ပြပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါသည်။ ပိုမိုဆိုးဝါးသည်မှာ အမေရိကန်တပ်ဖွဲ့သည် သေကျေအနာတရ ဖြစ်သူဦးရေကို လိမ်လည်ပြသပြီး အစီရင်ခံစာကို ရွှေ့ဆိုင်းဖြုတ်ပစ်ကာ အရေးအခင်း ဖြစ်ပွားရာ နေရာကို မြေထိုးစက်ဖြင့် တူးဖြိုပစ်ခဲ့ခြင်း လုပ်ဆောင်ခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် အနီးတစ်ဝိုက်ဒေသများရှိ ပြည်သူများသည် စစ်ပွဲတွင် သေနတ်ပစ်ခတ်မှုကြောင့် ချက်ချင်းသေဆုံးခဲ့ရပြီး အမေရိကန်နိုင်ငံ၏ အရေးယူမှုကြောင့် ၄င်းတို့သည် ရေရှည်ဒုက္ခခံရပါသည်။ သားနှစ်ယောက်ဆုံးရှုံးခဲ့သည့် အာဖဂန်နိုင်ငံသား ရေဇိုင်သည် အစာမဝဘဲ ဆင်းရဲဒုက္ခကိုခံရပါသည်။ အမေရိကန်နိုင်ငံသည် အခုအထိ အာဖဂန်ဗဟိုဘဏ်မှ ဘီလီယံနှင့်ချီသော အမေရိကန်ဒေါ်လာတန်ဖိုးရှိ နိုင်ငံခြားငွေကို ထုတ်ခွင့် မပေးဘဲ အာဖဂန်နိုင်ငံ၏ စီးပွားရေးကို ပျက်စီးစေပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဌာနမှ အရာရှိက အာဖဂန်ပြည်သူ ၉၈ ရာခိုင်နှုန်းသည် အစားမဝကြောင်း၊ ၅ နှစ်အရွယ်အောက်ကလေးငယ် တစ်ဝက်ခန့်သည် အာဟာရ ချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါသည်။

အရေးယူမှု၏ ဆိုးကျိုးကိုခံနေရသည်မှာ အာဖဂန်ပြည်သူများအပြင် အီရန် ပြည်သူများလည်း ပါပါသည်။ ၂၀၂၀ ပြည့်နှစ်က အီရန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကောင်အထည်ဖော်ရေးစီမံကိန်းအရ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဝယ်ယူရန် ၃ ကြိမ် စီစဉ်ခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အရေးယူမှုနှင့် ကန့်သတ်မှုကြောင့် ငွေထုတ်ပေး၍ မရပါ။ အမေရိကန် Brookings Institution က ၄င်းကြောင့် လူ တစ်သောင်းသုံးထောင်ခန့် သေဆုံးစေနိုင်ဖွယ်ရာရှိကြောင်း ခန့်မှန်း ပြောကြားခဲ့ပါသည်။

ထို့အပြင် အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၏ သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်ကိုဖျက်ဆီးပြီး မူဆလင်တို့အား ထင်ရာစိုင်း ဖမ်းဆီးချုပ်နှောင်ထားကာ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်။ အမေရိကန်  Brown တက္ကသိုလ်မှ “စစ်ပွဲ နစ်နာဆုံးရှုံးမှု” ဟူသော စီမံကိန်း၏ လေ့လာမှုရလဒ်အရ စက်တင်ဘာ ၁၁ ရက်နေ့ အရေးအခင်းဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံသည် အကြမ်းဖက်တိုက်ဖျက်ရေးကို အကြောင်းပြပြီး ပင်လယ်ရပ်ခြားတွင် တရားမဝင်သော အကျဉ်းထောင်များစွာကို ထားရှိ ခဲ့ပါသည်။ နိုင်ငံနှင့် ဒေသ ၅၄ ခုထက်မနည်းနှင့်သက်ဆိုင်သော မူဆလင်၊ အမျိုးသမီး၊ ကလေးငယ်အပါအဝင် လူသိန်းနှင့်ချီ၍ ဖမ်းဆီး ချုပ်နှောင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံမှ ဖန်တီးသော “အစ္စလာမ် ကြောက်ရွံ့ရောဂါ” ကြောင့် အစ္စလာမ်နိုင်ငံများ၏ အမျိုးသား ဂုဏ်သိက္ခာနှင့် နိုင်ငံတကာပုံရိပ်ကို ထိခိုက်စေခဲ့ပါသည်။

အရှေ့အလယ်ပိုင်းစသည့်ဒေသများတွင် အမေရိကန်နိုင်ငံ၏ ပြစ်မှုကျူးလွန်မှုများ ကုန်အောင် မရေးနိုင်ပါ။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေးလုပ်ငန်းအတွက် အကြီးဆုံးသော အနှောင့်အယှက်ပေးသူဖြစ်သည်ဟု ပြဆိုနိုင်ပါသည်။ အရှေ့အလယ်ပိုင်း နှင့် အနီးတစ်ဝိုက်ဒေသများရှိ နိုင်ငံနှင့် ပြည်သူများသည် ရေရှည်ထိုခိုက်မှု ခံရပါသည်။ အမေရိကန်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးရေးသဘာဝ၊ အမေရိကန်ပုံစံဖြစ်သော ဒီမိုကရေစီနှင့် အမေရိကန်ပုံစံဖြစ်သော လူ့အခွင့်အရေး၏ ဟန်ဆောင်မှုနှင့် လိမ်လည်မှုကို ပွင့်လင်း မြင်သာစွာ တွေ့မြင်နိုင်ပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် အမေရိကန် နိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အရှေ့ အလယ်ပိုင်း စသည့် ဒေသများတွင် အမေရိကန်နိုင်ငံ၏ ပြစ်မှုကျူးလွန်မှုများကို ဖွင့်ချ ဖော်ထုတ်ကာ အရေးယူသင့်သည်ဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။