တရုတ်၏ ရှင်းကျန်းဒေသစီမံအုပ်ချုပ်ရေးဆိုင်ရာစီမံကိန်းနှင့် နည်းဗျူဟာကို တရုတ်နိုင်ငံ ဆိုင်ရာ အစ္စလာမ်နိုင်ငံများမှ သံတမန်အရာရှိများ တန်ဖိုးထားချီးကျူး

(GMT+08:00)2022-08-09 15:45:24  


သြဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် တရုတ်နိုင်ငံဆိုင်ရာအစ္စလာမ်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန် အရာရှိများကိုယ်စားလှယ်အဖွဲ့မှ တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ သွားရောက်လည်ပတ်ခြင်းအကြောင်းကို မိတ်ဆက်ရာတွင် သံအမတ်ကြီးများနှင့် သံတမန် အရာရှိများအနေဖြင့် တရုတ်အစိုးရမှ ပြည်သူများကိုဗဟိုပြုသော ရှင်းကျန်းဒေသ စီမံ အုပ်ချုပ်ရေးဆိုင်ရာစီမံကိန်းနှင့် နည်းဗျူဟာကျင့်သုံးခြင်းကို တန်ဖိုးထားချီးကျူးကြကြောင်း၊ ရှင်းကျန်းဒေသ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု စသည့် နယ်ပယ်များတွင် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် အောင်မြင်မှုရရှိခြင်းကို တန်ဖိုးထား ချီးကျူးကြကြောင်း ပြောကြားခဲ့ပါသည်။

သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အယ်လ်ဂျီးရီးယား၊ ဂီနီဘစ်ဆော၊ မော်ရီတေးနီးယား၊ ဆော်ဒီအရေးဗျနှင့် ပါကစ္စတန်အပါအဝင် တရုတ်နိုင်ငံဆိုင်ရာ အစ္စလာမ် နိုင်ငံ ၃၀ မှ သံအမတ်ကြီးများနှင့် သံတမန်အရာရှိများသည် ဖိတ်ကြားချက်အရ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က ထိုသို့ ခရီးစဉ်အတောအတွင်း ကိုယ်စားလှယ် အဖွဲ့သည် Kashgar၊ Aksu နှင့် Urumqi သို့ သွားရောက်ပြီး ဗလီကျောင်း၊ ရှင်းကျန်း အစ္စလာမ်ဘာသာကျမ်းစာကောလိပ်၊ လူနေရပ်ကွက်နှင့် ဝါဂွမ်းစိုက်ခင်း စသည့် နေရာ များသို့ ကြည့်ရှုခဲ့ကြောင်း၊ ဝေဂါလူမျိုးမိသားစုများ၊ သာသနာရေးပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး ရှင်းကျန်းအကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အစွန်းရောက်မှု ပပျောက်စေရေးပြပွဲသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ရှင်းကျန်းဒေသတွင် တိုင်းရင်းသားလူမျိုးများ အေးချမ်း သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ လွတ်လပ်သော ဘာသာရေးယုံကြည်ကိုးကွယ်မှု အပြည့်အဝ ကာကွယ်ထိန်းသိမ်းခြင်း၊ ဆင်းရဲမှုပပျောက်စေရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးတွင် ရရှိခဲ့သည့်အောင်မြင်မှုများကို မျက်မြင်ကိုယ်တွေ့သိရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က စကားလုံးတစ်ထောင် ရုပ်ပုံကားတစ်ချပ် ဖြစ်သည်ဟု ကိုယ်စားလှယ်အဖွဲ့သည် ချီးကျူးပြောကြားခဲ့ကြောင်း၊ ထိုသို့ချီးကျူးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ရှင်းကျန်းဒေသ၏ လူ့အခွင့်အရေးနှင့် လွတ်လပ်သော ဘာသာရေးယုံကြည်ကိုးကွယ်မှု အခြေအနေ ကောင်းမကောင်းဆိုသည်ကို ရှင်းကျန်းသူ ရှင်းကျန်းသား အနေဖြင့် ပြောရေးဆိုခွင့် အရှိဆုံးဖြစ်သကဲ့သို့ နိုင်ငံတကာမိသားစုကြီး လည်း မျက်မြင်ကိုယ်တွေ့သိမြင်နိုင်ကြောင်း၊ အနောက်တိုင်းနိုင်ငံများမှ နိုင်ငံရေးသမား အနည်းစုသည် ရှင်းကျန်းသူ ရှင်းကျန်းသား ၂၅ သန်းကျော်၏ ဘုံအသံကို မကြားချင်ဘဲ မုသားစကားကိုသာ ယုံကြည်ကြောင်း၊ ရှင်းကျန်းဒေသဖွံ့ဖြိုးတိုးတက်မှုအဖြစ်မှန်ကို လျစ်လျူရှုပြီး တရုတ်ဆန့်ကျင်ရေးအင်အားအနည်းစု၏ ညံ့ဖျင်းသောပြသမှုကိုသာ နားယောင်ကြောင်း၊ နိုင်ငံတကာမိသားစုကြီး၏ တရားမျှတသောအသံကို များများကြားနာ ပြီး အဖြူအမည်းကို ကပြောင်းကပြန်ဖြစ်အောင် မပြုလုပ်ရန်၊ မုသားစကားကိုမဖန်တီးရန်၊ ရှင်းကျန်းဒေသကို အကြောင်းပြုပြီး ရှင်းကျန်းဒေသကို အနှောင့်အယှက်ပေးခြင်း၊ တရုတ် နိုင်ငံကို ကန့်သတ်ချုပ်ခြယ်ခြင်းလုပ်ရပ်ကိုရပ်စဲရန် မိမိတို့အနေဖြင့် ၄င်းနိုင်ငံရေးသမား များကို တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။