တရုတ်လက်နက်လျှော့ချရေး သံအမတ်ကြီး လီစွန်သည် သြဂုတ်လ ၈ ရက်နေ့က နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်ဆိုင်ရာ ၁၀ ကြိမ်မြောက် စိစစ်ရေး အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားများကို ဘက်စုံ ရှင်းလင်း ပြောကြားကာ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နျူကလီးယား ရေငုပ်သင်္ဘောများ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ဖေါ်ပြ၍ ဂျပန်နှင့် သက်ဆိုင်ရာနိုင်ငံတို့သည် အာရှနှင့် ပစိဖိတ်ဒေသတွင် “နျူကလီးယား မျှဝေမှု” ကော်ပီမျိုး လုပ်၍မရကြောင်း သတိပေး ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
လီစွန်က နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်သည် နိုင်ငံတကာ နျူကလီးယား ပြန့်ပွားမှုကို ကာကွယ်ရေး စည်းစနစ်၏ အခြေခံအုတ်မြစ် ဖြစ်ပြီး နျူကလီးယား ပြန့်ပွားမှုဖြင့် ကျဉ်းမြောင်းသော ပထဝီနိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား အတွက် ဝန်ဆောင်မှုပေးသည့် လုပ်ရပ်မှန်သမျှသည် စာချုပ်၏ မူရင်းရည်မှန်းချက်နှင့် ကျောခိုင်းဖောက်ဖျက်ပြီး စာချုပ်၏ အာဏာသက်ရောက်မှုကို ပြင်းထန်စွာ ထိခိုက်ကြောင်း၊ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နျူကလီးယား ရေငုပ်သင်္ဘောများ ပူးပေါင်း ဆောင်ရွက်မှုသည် စံတင်လောက်သော နျူကလီးယား ပြန့်ပွားမှုလုပ်ရပ်ဖြစ်ပြီး စာချုပ်ပါ ရည်မှန်းချက်အား ပြောင်ပြောင်တင်းတင်း နင်းချေခြင်းပင် ဖြစ်ကြောင်း ပြောကြားပါသည်။