G7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များမှ ထုတ်ပြန်သော ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် ကြေညာချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ သက်ဆိုင်ရာ ဥရောပနိုင်ငံများနှင့် ဥရောပသမဂ္ဂသံတမန်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လေးနက်စွာ ကန့်ကွက်

(GMT+08:00)2022-08-05 15:23:53  

၂၀၂၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Deng Li သည် ညွှန်ကြားချက်အရ G7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များမှ ထုတ်ပြန်သော ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် အပြုသဘောမဆောင်သည့် ကြေညာချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ သက်ဆိုင်ရာ ဥရောပနိုင်ငံများနှင့် ဥရောပသမဂ္ဂ သံတမန်များကို အရေးပေါ်ဆင့်ခေါ်၍ လေးနက်စွာ ကန့်ကွက်ခဲ့သည်။

Mr. Deng Li က ယမန်နေ့ညက G7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များသည် ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် အပြုသဘောမဆောင်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ အဖြစ်မှန်ကို မမှန်ကန်စွာဖော်ပြသော၊ အမှားနှင့်အမှန်ကို ကမောက်ကမပြုလုပ်သော ဤလုပ်ရပ်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်ခြင်း၊ အတိအလင်း နိုင်ငံရေးရန်စခြင်း ဖြစ်ပြီး “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများထံသို့ ပြင်းထန်သည့် မှားယွင်းသောအချက်ပြမှု ပို့လွှတ်ခြင်း ဖြစ်ကာ အနေအထားအလွန် ဆိုးရွားကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသားဆန့်ကျင်၍ လေးနက်စွာ ကန့်ကွက်မှုနှင့် ပြင်းထန်စွာ ဆန့်ကျင်မှုကို ဖော်ပြလိုက်ကြောင်း ပြောကြားသည်။

Mr. Deng Li က တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒ (one-China principle) သည် အများက အသိအမှတ်ပြုထားသော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် နိုင်ငံအသီးသီး ထိတွေ့ဆက်ဆံမှု၏ နိုင်ငံရေးအခြေခံဖြစ်ကြောင်း၊ လုံးဝကျော်လွန်၍မရသည့် အနီရောင်မျဉ်းနှင့် ကန့်သတ်ချက် ဖြစ်ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒတွင် တိကျသော အနှစ်သာရ ပါဝင်ကြောင်း၊ ယင်းမှာ ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော တရားဝင်အစိုးရဖြစ်ပြီး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံများသည် ထိုင်ဝမ်နှင့် မည်သည့်တရားဝင် ထိတွေ့ဆက်ဆံခြင်းကိုမျှ ဆောင်ရွက်၍မရကြောင်း ထောက်ပြသည်။

Mr. Deng Li က Nancy Pelosi ထိုင်ဝမ်သို့ သွားရောက်ခြင်းသည် ပြောင်ပြောင်တင်းတင်း နိုင်ငံရေးခြယ်လှယ်မှုဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အတိအလင်း ပြင်းထန်စွာ ချိုးဖောက်မှု ဖြစ်သဖြင့် တရုတ်နိုင်ငံက တွေဝေမှုမရှိဘဲ ပြတ်ပြတ်သားသား တုံ့ပြန်ရမည် ဖြစ်ကြောင်း၊ အမေရိကန်နှင့် ထိုင်ဝမ်က ပူးပေါင်းရန်စခြင်းကို တရုတ်နိုင်ငံမှ ပြန်လည်တုံ့ပြန်သည်မှာ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း၊ ဥရောပသည် တရုတ်နိုင်ငံကို ပြိုကွဲစေရန် လှုံ့ဆော်ခြင်း၊ ထိုင်ဝမ်ရေလက်ကြားအခြေအနေ တင်းမာမှုမြင့်တက်စေခြင်း၊ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်း” စသည့် အမေရိကန်၏လုပ်ရပ်များကို ဖျောင်းဖျတားဆီးခြင်းနှင့် ရှုတ်ချခြင်း မပြုရုံသာမက “သင့်လျော်သည့်အခါ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို လိုက်နာမည်” ဟု ကြေညာချက်၌ ဖော်ပြထားကြောင်း၊ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ပြင်းထန်စွာ ချိုးဖောက်ပြီး နှစ်ဦးနှစ်ဖက် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ထောက်ပြပြောကြားသည်။

Mr. Deng Li က ပြည်သူ့ဆန္ဒကို ပစ်ပယ်၍မရကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်ပြည်သူများ၏ အမျိုးသားသံယောဇဉ်နှင့် ဆက်စပ်နေကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ အကြီးမားဆုံး သဘောတူညီမှုများထဲမှ တစ်ခုဖြစ်ကြောင်း၊ မိမိတို့သည် အကြီးမားဆုံးသော ရိုးသားမှု၊ စိတ်ရှည်မှု၊ ကြိုးပမ်းအားထုတ်မှုတို့ဖြင့် ငြိမ်းချမ်းစွာ ပေါင်းစည်းရေး အနာဂတ်အတွက် ကြိုးပမ်းလိုကြောင်း၊ သို့သော်လည်း အခိုင်မာဆုံး သံန္နိဋ္ဌာန်၊ နည်းလမ်းအားလုံး၊ မည်သည့်ပေးဆပ်မှုမျိုးမဆို ဆောင်ရွက်၍ နိုင်ငံတော် ပြိုကွဲမှုမရှိစေရန် တားဆီးသွားမည်ဖြစ်လည်း၊ မည်သည့်နိုင်ငံ၊ မည်သည့်အင်အား၊ မည်သူကမဆို တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအား ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်ပေါင်းစည်းခြင်းနှင့် အမျိုးသားပြန်လည်နိုးထရေးဖော်ဆောင်ခြင်းအတွက် ခိုင်မြဲသည့်ဆုံးဖြတ်ချက်၊ ခိုင်မြဲသည့်ဆန္ဒနှင့် ကြီးမားသောအင်အားကို လျှော့တွက်၍မရကြောင်း အလေးပေးပြောကြားသည်။