တရုတ်နိုင်ငံမှ ဒီမိုကရေစီပါတီများ၏ ပူးတွဲထုတ်ပြန်ချက်

(GMT+08:00)2022-08-05 16:37:56  

သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi သည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာ ဆန့်ကျင်မှုနှင့် လေးနက်စွာ ကန့်ကွက်မှုကို လျစ်လျူရှု၍ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ၎င်း၏ဆန္ဒအတိုင်း သွားရောက်ခဲ့သည်။ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒ (one-China principle) နှင့် တရုတ်-အမေရိကန်အကြား ပူးတွဲပြန်တမ်း ၃ရပ်ပါ သတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ပြင်းထန်စွာ ရိုက်ခတ်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြင်းထန်စွာ ကျူးကျော်ပြီး “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများထံသို့ ပြင်းထန်သည့် မှားယွင်းသောအချက်ပြမှု ပို့လွှတ်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံမှ ဒီမိုကရေစီပါတီအသီးသီးသည် ယင်းအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ပြင်းထန်စွာ ဒေါသထွက်ကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြလိုက်သည်။

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်ခုတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်နယ်မြေ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော တရားဝင်အစိုးရ ဖြစ်သည်။ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး ပြင်ပ၏ မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်မပြုပါ။ အချိန်ကာလတစ်ခုအတွင်း အမေရိကန်အစိုးရသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မှားယွင်းသည့်စကားလုံးများနှင့် လုပ်ရပ်များ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင်ဆက်ဆံရေးအဆင့်ကို အဆက်မပြတ် မြှင့်တင်ကာ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများကို ထောက်ခံခဲ့သည်၊ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်” ကြိုးပမ်းပြီး ထိုင်ဝမ်ရေလက်ကြား၏ အေးချမ်းတည်ငြိမ်ရေးကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ Nancy Pelosi တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းသည် အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းသည့် ကြီးမားသော နိုင်ငံရေးရန်စမှု ဖြစ်သည်။ ထိုင်ဝမ် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်သည် “ထိုင်ဝမ်လွတ်လပ်ရေး” ဟူသော မှားယွင်းသည့်ရပ်တည်ချက်ကို ခေါင်းမာစွာ လက်ကိုင်စွဲထားပြီး ပြင်ပအင်အားစုနှင့် ပူးပေါင်းကြံစည်ကာ မငြိမ်မသက်မှုများ ပြုလုပ်ပြီး “အမေရိကန်ကို အားကိုး၍ ထိုင်ဝမ်ခွဲထွက်ရေးအတွက် ကြိုးပမ်းခြင်း” ၊ “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အသိအမှတ်မပြုဘဲ ငြင်းဆန်ခြင်းတို့ ဆောင်ရွက်ခြင်းသည် ထိုင်ဝမ်ကို ဒုက္ခတွင်းထဲသို့ တွန်းပို့ခြင်းသာ ဖြစ်ပြီး ထိုင်ဝမ်ညီအစ်ကိုမောင်နှမများကို ဆိုးရွားစွာ ထိခိုက်နစ်နာစေလိမ့်မည်။ မိမိတို့သည် တရုတ်နိုင်ငံ ပြိုကွဲစေရန် ကြံစည်မှုများနှင့် လုပ်ဆောင်ချက်များအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို ဝင်ရောက်စွက်ဖက်သည့် မည်သည့်ပြင်ပအင်အားစုကိုမဆို၊ ထိုင်ဝမ်အရေးကို မည်သည့်နည်းလမ်းဖြင့် မည်သည့်နိုင်ငံမှ ဝင်ရောက်စွက်ဖက်မှုကိုမဆို ပြတ်ပြတ်သားသား ကန့်ကွက်ပါသည်။

တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ နိုင်ငံရေးပါတီများအနေဖြင့် တရုတ်နိုင်ငံရှိ ဒီမိုကရေစီပါတီအသီးသီးသည် အမိနိုင်ငံကို ချစ်မြတ်နိုး၍ ငြိမ်းချမ်းရေးကို လိုလားသော ဂုဏ်ယူဖွယ် အစဉ်အလာရှိကြပြီး နှစ်ဖက်ကမ်းဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ ကြိုးပမ်းမြှင့်တင်လျက်ရှိရာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ရန်အတွက် တရုတ်နိုင်ငံအစိုးရမှဆောင်ရွက်သည့် လိုအပ်သော အစီအမံအားလုံးကို မိမိတို့က အခိုင်အမာ ထောက်ခံအားပေးပါသည်။

        အမိနိုင်ငံ လုံးဝပေါင်းစည်းရေးသည် တရုတ်ပြည်သူတစ်ရပ်လုံး၏ တူညီသောဆန္ဒနှင့် ကြီးမြတ်သောတာဝန် ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများ၏ သံန္နိဋ္ဌာန်သည် ကျောက်ဆောင်ကဲ့သို့ ခိုင်မာပါသည်။ အမိနိုင်ငံသည် ပေါင်းစည်းရန် လိုအပ်ပြီး မဖြစ်မနေလည်း ပေါင်းစည်းရပါမည်။ ယင်းသည် အမေရိကန်ရှိ ခေါင်းမာသော တရုတ်ဆန့်ကျင်ရေးအင်အားစုအချို့၏ ဆန္ဒကြောင့် ပြောင်းလဲသွားမည် မဟုတ်သကဲ့သို့ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများ၏ အဓိပ္ပါယ်မဲ့သော စိတ်ကူးယဉ်မှုကြောင့်လည်း ပြောင်းလဲသွားမည်မဟုတ်ပါ။ သမိုင်းရေစီးကြောင်းကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံ လုံးဝပေါင်းစည်းရေးနှင့် အမျိုးသားပြန်လည်နိုးထရေး ဖော်ဆောင်ခြင်းကို အဟန့်အတားဖြစ်စေသည့် ကြိုးပမ်းကြံစည်မှုမှန်သမျှသည် သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။

 

တရုတ်ကူမင်တန်တော်လှန်ရေးကော်မတီ ဗဟိုကော်မတီ

တရုတ်ဒီမိုကရက်တစ်အဖွဲ့ချုပ် ဗဟိုကော်မတီ

တရုတ်ဒီမိုကရက်တစ်တည်ဆောက်ရေးအဖွဲ့ ဗဟိုကော်မတီ

တရုတ်ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ ဗဟိုကော်မတီ

တရုတ်တောင်သူလယ်သမားနှင့်အလုပ်သမားများ ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ

တရုတ်နိုင်ငံ Zhi Gong ပါတီ ဗဟိုကော်မတီ

Jiusan Society ဗဟိုကော်မတီ

ထိုင်ဝမ် ဒီမိုကရက်တစ်ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ချုပ် ဗဟိုကော်မတီ

၂၀၂၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့