ကန်မှ ပြောင်ပြောင်တင်းတင်း ရန်စမှုနှင့် နိုင်ငံရေးလောင်းကစားမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-08-04 15:09:54  

ဒေသစံတော်ချိန် သြဂုတ်လ ၄ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်နေသည့် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးသော ရန်စမှုလုပ်ရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်မံဖော်ပြပါသည်။

ဝမ်ယိက အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေနှင့် နှစ်နိုင်ငံအကြား ကတိပြုချက်ကို ချိုးဖောက်ပြီး ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးကို အနှောင့်အယှက် ပေးကာ ထိုင်ဝမ်သီးခြားတည်ရှိရေးကို ထောက်ခံပြီး အုပ်စုအကြား ထိပ်တိုက်ရင်ဆိုင်မှု လှုံ့ဆော်ကြောင်း၊ တရုတ်ပြည်သူများနှင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသော ဒေသတွင်း နိုင်ငံအသီးသီးမှ ပြည်သူများအား ပြောင်ပြောင်တင်းတင်း ရန်စမှုဖြစ်ကြောင်း၊ ဆိုးကျိုးသာ ဆောင်လာမည့် နိုင်ငံရေးလောင်းကစားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် လက်ရှိအချိန်နှင့် နောက်နောင်တွင် ဆောင်ရွက်သော အထွေထွေနည်းလမ်းမှာ အလွန်လိုအပ်ပြီး အချိန်မီ ကာကွယ်ရေးဆိုင်ရာ တန်ပြန်နည်းလမ်းဖြစ်ကြောင်း၊ သေသေချာချာ စဉ်းစား အကဲဖြတ်ပြီးနောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေနှင့် ကိုက်ညီကြောင်း၊ ရန်စသူအတွက် သတိပေးချက် ဖြစ်သကဲ့သို့ ဒေသတွင်းတည်ငြိမ်ရေးနှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းလည်း ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့သည် လက်ရှိအကျပ်အတည်း ဖြစ်ပွားစေသည့် အကြောင်းရင်းနှင့် အနှစ်သာရကို ရှင်းလင်းစွာ သိရှိနားလည်ပြီး အမေရိကန်နိုင်ငံ၏ စွန့်စားမှုနှင့် ရန်စမှုကို အတူတကွ ဆန့်ကျင်ရန်လိုကြောင်း၊ တရုတ်နိုင်ငံ၏ တရားမျှတသောရပ်တည်ချက်နှင့် ဆောင်ရွက်သောနည်းလမ်းများကို ဆက်လက်ထောက်ခံပြီး ဒေသတွင်းနှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်လိုကြောင်း အလေးထားပြောကြားပါသည်။