တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက် ထုတ်ပြန်

(GMT+08:00)2022-08-03 11:21:49  

    သြဂုတ်လ ၂ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi မှ တရုတ်နိုင်ငံ၏ ပြင်းထန်သော ဆန့်ကျင်မှုနှင့် တည်ကြည်လေးနက်သော အရေးဆိုမှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းမှာ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့် တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း၃ခု၏ သက်ဆိုင်ရာသတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ပြင်းထန်စွာ ထိခိုက်စေပါသည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ထိခိုက်စေပြီး ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြင်းထန်စွာ ထိခိုက်စေပါသည်။ ထိုင်ဝမ်ခွဲထွက်ရေးအင်အားသို့ အလွန် မှားယွင်းသော အချက်ကို ပြလိုက်ပါသည်။ တရုတ်နိုင်ငံသည် ယင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကာ အမေရိကန်နိုင်ငံသို့ တည်ကြည်လေးနက်စွာ အရေးဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပြီဖြစ်ပါသည်။

      ကမ္ဘာပေါ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေတွင် ခွဲ၍မရသော အစိတ်အပိုင်းဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သော တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပါသည်။ ၁၉၇၁ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံမှ အမှတ် ၂၇၅၈ ဆုံးဖြတ်ချက်တွင် ယင်းကို ထည့်သွင်းရေးသားဖော်ပြခဲ့ပါသည်။ ၁၉၄၉ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် နိုင်ငံ၁၈၁နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒအခြေခံပေါ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ထားရှိခဲ့ပါသည်။ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒသည် နိုင်ငံတကာမိသားစု ကြီး၏ ယေဘုယျသဘောတူညီမှုနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူ ဖြစ်ပါသည်။

      အမေရိကန်အစိုးရ၏ အစိတ်အပိုင်းဖြစ်သည့် အမေရိကန်လွှတ်တော်သည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို တင်းကြပ်စွာ လိုက်နာကျင့်သုံးသင့်ပြီး တရုတ် နိုင်ငံ ထိုင်ဝမ်ဒေသနှင့် မည်သည့် အစိုးရချင်းကူးလူးဆက်ဆံမှုကိုမျှ မလုပ်သင့်ပါ။ တရုတ်နိုင်ငံသည် အမေရိကန်လွှတ်တော်အမတ်များမှ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းကို အမြဲတမ်းဆန့်ကျင်ပြီး အမေရိကန်စီမံအုပ်ချုပ်ရေး ဌာနသည် အဆိုပါလုပ်ရပ်ကို တားဆီးရန် တာဝန်ရှိပါသည်။ Nancy Patricia Pelosi သည် လက်ရှိ အမေရိကန်လွှတ်တော်ခေါင်းဆောင် ဖြစ်ပါသည်။ Nancy Patricia Pelosi သည် မည်သည့် အသွင်ပုံစံဖြင့် မဆိုနှင့် မည်သည့် အကြောင်းရင်းကြောင့်မဆို ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းမှာ အမေရိကန်-ထိုင်ဝမ် အစိုးရချင်းကူးလူးဆက်ဆံမှု မြှင့်တင်ခြင်း ဖြစ်၍  ကြီးမားသော နိုင်ငံရေးရန်စမှု ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် လက်မခံဘဲ တရုတ်ပြည်သူများသည် သဘောမတူပါ။

ထိုင်ဝမ် ပြဿနာသည် တရုတ်-အမေရိကန် ဆက်ဆံမှုတွင် အရေးအကြီးဆုံး၊ အမြုတေအကျဆုံးနှင့် အကဲဆတ်ဆုံး ပြဿနာ ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုင်ဝမ် ရေလက်ကြား အခြေအနေ အကြိမ်သစ် တင်းမာမှုနှင့် တင်းမာခက်ခဲသော စိန်ခေါ်မှုကို ရင်ဆိုင်နေရသည့် အရင်းခံ အကြောင်းရင်းမှာ ထိုင်ဝမ် အာဏာပိုင်နှင့် အမေရိကန်ဘက်က လက်ရှိ အခြေအနေကို အဆက်မပြတ် ပြောင်းလဲစေခြင်းကြောင့် ဖြစ်သည်။ ထိုင်ဝမ် အာဏာပိုင်သည် “အမေရိကန်ကို အားကိုးပြီး ထိုင်ဝမ် သီးခြား လွတ်လပ်ရေးကို ရှာကြံရေး”ကို ထပ်ခါတလဲလဲ ဆောင်ရွက်ပြီး “၁၉၉၂ခုနှစ် သဘောတူညီချက်” ကို အသိအမှတ်ပြုရန် ငြင်းပယ်ကာ “တဖြည်းဖြည်းတိုးမြှင့်သည့် ထိုင်ဝမ် သီးခြားလွတ်လပ်ရေး”ကို ကျင့်သုံးနေသည်။ အမေရိကန်သည် “ထိုင်ဝမ်ဖြင့် တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရေး”ကို ဆောင်ရွက်ရန် ကြံစည်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒအနက်အဓိပ္ပါယ်ကို တလွဲတချော်ဖြစ်အောင်နှင့် ကင်းမဲ့စေရန် အဆက်မပြတ် ပြောဆိုဆောင်ရွက်ကာ အမေရိကန်-ထိုင်ဝမ် အကြား အစိုးရချင်း ကူးလူးဖလှယ်မှုကို တိုးမြှင့်၍ ထိုင်ဝမ် သီးခြားလွတ်လပ်ရေး အင်အားစုများအား အားပေးသည်။ ယင်းသည် အန္တရာယ် အလွန် ကြီးမားသည့် မီးကစားမှု ဖြစ်ပြီး မီးကစားသူ မီးဝါးခံရလိမ့်မည် ဖြစ်သည်။

    ထိုင်ဝမ် ပြဿနာ အပေါ် တရုတ် အစိုးရနှင့် တရုတ်ပြည်သူများသည် သဘောထား ရပ်တည်ချက်ကို တစ်လျှောက်လုံး စွဲကိုင်သည်။ နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် တရုတ်ပြည်သူ ၁့၎ဘီလီယံ၏ ကြံ့ခိုင်ပြတ်သားသော ဇွဲသတ္တိ ဖြစ်သလို အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး အကောင်အထည် ဖော်ဆောင်ခြင်းသည် တရုတ်ပြည်သူ တစ်ရပ်လုံး၏ ဘုံဆန္ဒနှင့် မွန်မြတ်သော လုပ်ငန်းတာဝန် ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒကို ကျောခိုင်း၍ မရသလို ခေတ်ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်၍ မရပေ။ မည်သည့် နိုင်ငံ မဆို၊ မည်သည့် အင်အားစုမဆို၊ မည်သူမဆို တရုတ် အစိုးရနှင့် ပြည်သူများ၏ နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေးကို အကောင်အထည် ဖော်ဆောင်ရန် ခိုင်မာစွဲမြဲသောဆန္ဒ၊ ကြံ့ခိုင်သော စိတ်ပိုင်းဖြတ်မှုနှင့် အားကောင်းသော စွမ်းဆောင်ရည်ကို မှားယွင်းသော အကဲဖြတ်သုံးသပ်မှုကို မပြုလုပ်သင့်ပေ။ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ၏ တရုတ်ပြည် ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခြင်းကို ရည်ရွယ်ပြီး တရုတ်ပြည် အနေနှင့် လိုအပ်သော ဆောင်ရွက်ချက် မှန်သမျှဖြင့် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်သည်။ ယင်းကိစ္စကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုး မှန်သမျှကို အမေရိကန်ဘက်နှင့် ထိုင်ဝမ် သီးခြား လွတ်လပ်ရေး အင်အားစုများသည် တာဝန် ယူရမည်။

တရုတ်နှင့် အမေရိကန်တို့သည် နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်ကြသည့် အနေဖြင့် မှန်ကန်သော ပေါင်းသင်းဆက်ဆံရေး နည်းလမ်းမှာ အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ခုခံယှဉ်ပြိုင်မှုကို ရှောင်ရှားခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး အတူ ဆောင်မြင်မှု ရရှိရေးပင် ဖြစ်သည်။ ထိုင်ဝမ် ပြဿနာသည် တရုတ်ပြည်တွင်းရေးပင် ဖြစ်၍ မည်သည့် အခြားနိုင်ငံမှ ထိုင်ဝမ် ပြဿနာ အပေါ် ဒိုင်လူကြီး အဖြစ် လုပ်ခွင့် မရှိပေ။ တရုတ်ဘက်သည် အမေရိကန်အား ထိုင်ဝမ်ကို အသုံးပြုပြီး တရုတ်ပြည် အပေါ် ထိန်းချုပ်ဟန့်တားရေးကို ရပ်စဲရန်၊ ထိုင်ဝမ်ရေးရာ အပါအဝင် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများကို ရပ်စဲရန်၊ ပုံစံမျိုးစုံဖြင့် ထိုင်ဝမ် သီးခြားလွတ်လပ်ရေး အင်အားစုများအား အားပေးမှုနှင့် လက်လွတ်စပယ်ပြုမှုကို ရပ်စဲရန်၊ ထိုင်ဝမ် ပြဿနာ အပေါ် အပြောနှင့် အလုပ် မညီညွတ်မှုကို ရပ်စဲရန်၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒအနက်အဓိပ္ပါယ်ကို တလွဲတချော်ဖြစ်အောင်နှင့် ကင်းမဲ့စေရန် ပြောဆိုဆောင်ရွက်မှုကို ရပ်စဲရန်၊ လက်တွေ့ ဆောင်ရွက်မှုများဖြင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ရပ်ပါ သတ်မှတ်ချက်များကို စောင့်စည်းလိုက်နာပြီး အမေရိကန် ထိပ်သီးခေါင်းဆောင်မှ “မကြိုးပမ်းလိုသောအချက်လေးချက်နှင့် မလုပ်ဆောင်လိုသော အချက်တစ်ချက်”ဟူသော  ကတိပြုချက်များကို ထိရောက်တိကျစွာ လက်တွေ့ဖော်ဆောင်ကာ မှားယွင်းသော အန္တရာယ်ရှိသော လမ်းကြောင်းပေါ် ဆက်လက် မလျှောက်လှမ်းပါရန် တည်ကြည်လေးနက်စွာ တိုက်တွန်းနှိုးဆော်သည်။