တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံးသည် Pelosi က ထိုင်ဝမ်သို့ ခရီးလှည့်လည်ခြင်းနှင့် ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်

(GMT+08:00)2022-08-03 11:24:09  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံးသည် Pelosi က ထိုင်ဝမ်သို့ ခရီးလှည့်လည်ခြင်းနှင့် ပတ်သက်ပြီး ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။

   သြဂုတ်လ ၂ ရက်နေ့က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi သည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခဲ့ကြောင်း၊ ယင်းသည် ထိုင်ဝမ်နှင့် အမေရိကန်တို့ ပူးပေါင်းချိတ်ဆက်မှု၏ အဆင့်မြှင့်တင် လုပ်ဆောင်ချက် ဖြစ်ပြီး လွန်စွာ ဆိုးသွမ်းသော လုပ်ရပ် ဖြစ်ကာ ဆိုးကျိုးများ လွန်စွာ ပြင်းထန်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ကျူးလွန်ခြင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်နှင့် အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို ပြင်းထန်စွာ နင်းချေခြင်း၊ အမေရိကန်က တရုတ်နိုင်ငံအား ပြုထားသော တည်ကြည်လေးနက်သော နိုင်ငံရေး ကတိပြုချက်ကို ချိုးဖောက်ခြင်းနှင့် ထိုင်ဝမ် သီးခြားတည်ရှိရေး သွေးခွဲရေးအင်အားစုများအား ပြင်းထန်စွာ မှားယွင်းသော အချက်ပြခြင်း ဖြစ်ကြောင်း၊  မိမိတို့သည် ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ယင်းကြေညာချက်တွင် ဖေါ်ပြထားပါသည်။

အမေရိကန် အနေနှင့် ထိုင်ဝမ်ရေးရာ၏ သမိုင်းဆိုင်ရာ အကြောင်းအရာများနှင့် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်းသည် တရုတ်ပြည် တစ်ပြည်တည်း ဖြစ်သည့် အဖြစ်မှန်နှင့် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သိမြင်ပြီး၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို လက်တွေ့ကျကျ လိုက်နာရန်၊ တရုတ်နှင့် အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ကို ကျင့်သုံးဖေါ်ဆောင်ရန်၊ မှားယွင်းသောလမ်းပေါ်တွင် ဆက်မလျှောက်သွားရန် လှုံ့ဆော် တိုက်တွန်းပါကြောင်း၊ မင်ကျင့်တန်ပါတီတို့ အနေနှင့် ထိုင်ဝမ် သီးခြားတည်ရှိရေး ကြံစည်မှုကို စွန့်လွှတ်ပြီး ထိုင်ဝမ်သီးခြားတည်ရှိရေး ဖြစ်သည့် ထွက်ပေါက်မဲ့လမ်းပေါ်တွင် ဆက်မလျှောက်သွားရန် တည်ကြည်လေးနက်စွာ သတိပေး ပါကြောင်း၊ သို့မဟုတ်ပါက ထိုင်ဝမ် သီးခြားတည်ရှိရေးကို ကြံဆဆောင်ရွက်မှု မှန်သမျှမှာ တရုတ်ပြည်သူများ၏ ထိုင်ဝမ်သီးခြားတည်ရှိရေးကို ဆန့်ကျင်ခြင်းနှင့် တစ်ပေါင်းတစ်စည်း တည်းဖြစ်ရေး တွန်းအားပေးခြင်း တောင့်တင်းသောအင်အားများ၌ ကြေမွသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။