တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအား ခေါ်ယူ တွေ့ဆုံပြီး၊ Pelosi က ထိုင်ဝမ်သို့ ခရီးလှည့်လည်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းနှင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ဖေါ်ပြ

(GMT+08:00)2022-08-03 11:26:34  

    သြဂုတ်လ ၂ ရက်နေ့ ညသန်းခေါင်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရှဲ့ဖုန်းသည် အမိန့်အရ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Burns အား ခေါ်ယူ တွေ့ဆုံပြီး အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခြင်းနှင့် ပတ်သက်ပြီး တရုတ် အစိုးရ ကိုယ်စား အမေရိကန်အား တည်ကြည်လေးနက်စွာ အရေးဆိုကြောင်းနှင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းကို ဖေါ်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

    ရှဲ့ဖုန်းက Pelosi ၏ တမင်သက်သက် ရန်စ မီးကစားသည့် လုပ်ရပ်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်နှင့် အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နှင့် အမေရိကန် ဆက်ဆံမှု၏ နိုင်ငံရေး အခြေခံကို ပြင်းထန်စွာ ထိခိုက်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ကျူးလွန်ပြီး၊ ထိုင်ဝမ်ပင်လယ်၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ပြင်းထန်စွာ ဖျက်ဆီး၍ ထိုင်ဝမ် သီးခြားတည်ရှိရေး သွေးခွဲရေးအင်အားစုများအား ပြင်းထန်စွာ မှားယွင်းသော အချက်ပြခဲ့ကြောင်း၊ ယင်းသည် လွန်စွာ ဆိုးသွမ်းသော လုပ်ရပ် ဖြစ်ပြီး ဆိုးကျိုးများ ပြင်းထန်ကြောင်း ပြောကြားပါသည်။

    ရှဲ့ဖုန်းက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ် ဖြစ်ပြီး အမိနိုင်ငံ၏ ရင်ခွင်သို့ နောက်ဆုံး ပြန်လည် ဝင်ရောက်ပါမည် ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံ မဆို၊ မည်သည့် အင်အားစု မဆို၊ မည်သူ မဆို တရုတ်အစိုးရနှင့် ပြည်သူများ၏ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန်၊ အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် အမျိုးသားရှင်သန်ရေးကို ဖေါ်ဆောင်ရန် ခိုင်ခံ့သော သန္နိဋ္ဌာန်၊ ပြတ်သားသောဇွဲသတ္တိနှင့် အားကောင်းသော စွမ်းဆောင်မှုကို လျှော့တွက်ပြီး မခန့်မှန်းသင့်ကြောင်း ပြောကြားပါသည်။