အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တွန်းအားသစ် ထည့်သွင်းရန် တရုတ် မျှော်လင့်

(GMT+08:00)2022-08-02 19:35:50  

သြဂုတ်လ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူး ကျင်းပပါသည်။ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်က လက်ရှိ အရှေ့အာရှဒေသ အခြေအနေ ယေဘုယျအားဖြင့် တည်ငြိမ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ဆက်ဆံမှု တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို ထိန်းသိမ်းထားကြောင်း၊ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကောင်းမွန်စွာ စတင်ပြီး နှစ်ဦးနှစ်ဖက်တို့သည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်သာယာရေး၊ သာယာလှပရေးနှင့် ချစ်ကြည်ရေး တည်ဆောက်မှုကို တွန်းအားပေးနေကြကြောင်း၊ တစ်ကမ္ဘာလုံး အကြီးဆုံးသော လွတ်လပ်သောကုန်သွယ်ရေးဇုန်ဖြစ်သည့် RCEPသည် ချောမောစွာ အကောင်အထည်ဖော်နေကြောင်း၊ အရှေ့အာရှ စနစ်အမျိုးမျိုးအောက်တွင် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှုများ အဆက်မပြတ် တွန်းအားပေးနေပြီး ဒေသတွင်း စီးပွားရေး နာလန်ပြန်ထူရေးအတွက် အထောက်အကူပြုနေကြောင်း၊ တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးတွင် ဆက်လက် ပျံ့နှံ့နေသေးကြောင်း၊ စီးပွားရေး နာလန်ပြန်ထူရန် ဖိအား တိုးများလာပြီး ပထဝီအနေအထား မတည်မငြိမ်ဖြစ်ကာ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ရှုပ်ထွေးသည်ကိုလည်း တွေ့မြင်နိုင်ကြောင်း ပြောကြား ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်က တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းရန်၊ ဒေသတွင်းစီးပွားရေး တစ်ပြေးညီ ဖြစ်စေရေး တွန်းအားပေးရန် အရေးကြီးသော အင်အားဖြစ်သည်ဟု တစ်စိုက်မတ်မတ် ယူဆကြောင်း၊ အာဆီယံ စည်းလုံးညီညွတ်ရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးကို ပြတ်သားစွာ ထောက်ခံကြောင်း၊ အာဆီယံမှ ဒေသတွင်းမူဘောင်တွင် ဗဟိုနေရာကို ထောက်ခံကြောင်း၊ အာဆီယံမှ နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာကိစ္စရပ်များတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် ထောက်ခံကြောင်း၊ ယခုနှစ် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် Off လိုင်းပုံစံဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစည်းအဝေးများတွင် ဘက်အသီးသီးတို့၏ သဘောတူညီမှုများကို စုစည်းရန်၊ စည်းလုံးညီညွှတ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးကို အားသစ်လောင်းပေးရန်၊ စီးပွားရေးနာလန်ပြန်ထူပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အတူတကွရှာကြံရန်၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တွန်းအားသစ်ထည့်သွင်းရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။