တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲကို ကျင်းပ

(GMT+08:00)2022-08-01 17:13:05  

  ဇူလိုင်လ ၃၁ ရက်နေ့တွင် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနသည် ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

   ဧည့်ခံပွဲတွင် ဗဟိုစစ်ရေးကော်မရှင်ဝင်၊ နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေး ဝန်ကြီး ဝေ့ဖင့်ဟိုက မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ပါတီအထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အပ်နှင်းမှုအရ ဝေ့ဖင့်ဟိုသည် ရှေးဦးစွာ ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုစစ်ရေး ကော်မရှင် ကိုယ်စား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စစ်မှုထမ်းများ၊ ရဲတပ်ဖွဲ့မှ စစ်မှုထမ်းများ၊ တပ်မတော်မှ ဝန်ထမ်းများ၊ ပြည်သူ့တပ် အရန်စစ်မှုထမ်းများအား ပွဲတော်နေ့ ထောမနာ ပြုခဲ့ပါသည်။

   ဝေ့ဖင့်ဟိုက ခေတ်သစ် ခရီးစဉ်သစ်တွင် တပ်မတော် တစ်ရပ်လုံး အနေနှင့် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ်ထားပြီး ရှီကျင့်ဖိန်၏ တပ်မတော် အင်အား တောင့်တင်းရေး အတွေးအခေါ်ကို ဇောက်ချ ဖေါ်ဆောင်၍ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော တပ်မတော် အင်အား တောင့်တင်းရေး လမ်းကြောင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီရေးကို တွန်းအားပေးပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာ၌ နေရာနှင့် လိုက်လျောညီထွေဖြစ်သော၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အကျိုးများနှင့် ကိုက်ညီသော ခိုင်ခံ့သည့် ကာကွယ်ရေးနှင့် အားကောင်းသော ပြည်သူ့ တပ်မတော်ကို အစွမ်းကုန် တည်ဆောက်ကာ အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေး ဖေါ်ဆောင်ရန်အတွက် မဟာဗျူဟာမြောက် အထောက်အကူကိုပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။