အမေရိကန်သည် ကတိပြုချက်များကို စောင့်စည်းလိုက်နာပြီး ပုံမှန်လမ်းကြောင်းသို့ ပြန်ရောက်သင့်

(GMT+08:00)2022-07-31 17:22:26  

ပီကင်း စံတော်ချိန် ယခုလ ၂၈ရက်နေ့ညက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ချိန်းထားသည့် အတိုင်း အမေရိကန် သမ္မတ ဘိုင်ဒင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် နှစ်ဖက်တို့ စိတ်ဝင်စားကြသည့် ပြဿနာနှင့် အရေးကိစ္စများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ကူးလူးဖလှယ်ခဲ့သည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့၏ နိုင်ငံကြီး တာဝန်ဝတ္တရားများကို ရှင်းလင်းဖော်ပြပြီး တရုတ်-အမေရိကန် ဆက်ဆံမှု အပေါ် အမေရိကန်ဘက်မှ မှားယွင်းစွာ အကဲဖြတ်မှုနှင့် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အမေရိကန်ဘက်မှ လွဲမှားစွာ သဘောပေါက်နားလည်ခြင်းကို ပြောပြကာ ထိုင်ဝမ် ပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်၏ အခြေခံမူနှင့် သဘောထား ရပ်တည်ချက်ကို အဓိကထား ရှင်းလင်းဖော်ပြခဲ့သည်။ သမ္မတ ဘိုင်ဒင်က အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ရှာကြံပြီး သဘောကွဲလွဲမှုများကို သင့်လျော်ပြေလည်စွာ စီမံထိန်းချုပ်မည် ဖြစ်ကြောင်း ပြောကြားသည့် အပြင်၊ အမေရိကန်၏ တရုတ်ပြည် ဆိုင်ရာ မူဝါဒသည် ပြောင်းလဲမှု မရှိသလို ပြောင်းလဲမည် မဟုတ်ကြောင်း၊ အမေရိကန်ဘက်သည် ထိုင်ဝမ် သီးခြားလွတ်လပ်ရေးကို မထောက်ခံကြောင်းလည်း ကတိပြု ပြောကြားသည်။

ယင်းသည် ယခုအကြိမ် အမေရိကန် အစိုးရ တက်လာခဲ့သည့် နောက်ပိုင်းတွင် တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ၏ ပဉ္စမ အကြိမ်မြောက် တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း ဖြစ်ပြီး သော့ချက်ကျသည့် အချိန်တွင် အလွန်အရေးကြီးသည့် ဆက်သွယ်ခြင်းလည်း ဖြစ်သည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ပူးတွဲ ပြန်တမ်းသည် နှစ်ဖက်တို့၏ နိုင်ငံရေး ကတိပြုချက် ဖြစ်သလို တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် တရုတ်-အမေရိကန် ဆက်ဆံမှု အတွက် နိုင်ငံရေး အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ ထိုင်ဝမ် သီးခြားလွတ်လပ်ရေးနှင့် ပြင်ပ အင်အားမှ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အလေးထား ပြောကြားသည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြည်သူများ၏ လိုအင်ဆန္ဒကို ကျောခိုင်း၍ မရကြောင်း၊ မီးကစားလျှင် မီးကစားသူ မီးဝါးခံရလိမ့်မည် ဖြစ်ကြောင်း၊ အမေရိကန်ဘက်မှ ဤအချက်ကို ရှင်းရှင်းလင်းလင်း သိရှိရန် မျှော်လင့်ကြောင်း၊ အမေရိကန်အား တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို လိုက်နာစောင့်စည်းပြီး တရုတ်-အမေရိကန် ပူးတွဲ ပြန်တမ်း ၃ရပ်ကို လိုက်နာကျင့်သုံးရန် တောင်းဆိုကြောင်း ပြောကြားသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့မှ ထိပ်သီးခေါင်းဆောင်များက ယခုအကြိမ် ဆွေးနွေးခြင်းသည် ပွင့်လင်းမြင်သာပြီး လေးနက်သည်ဟု ယူဆကြပြီး ဆက်သွယ်မှုကို ထိန်းသိမ်းထားရန် သဘောတူ ကြသည်။ ယင်းသည် တရုတ်-အမေရိကန် ဆက်ဆံမှုက လက်ရှိ ခက်ခဲမှု အခြေအနေသို့ ကျရောက်နေသော်လည်း နှစ်ဖက်တို့ အနေနှင့် ဆွေးနွေးခြင်းနှင့် ကူးလူးဖလှယ်မှုဖြင့် သဘောကွဲလွဲမှုကို စီမံထိန်းချုပ်ရန် ဆန္ဒရှိနေသေးကြောင်းကို ပြဆိုနေသည်။

တရုတ်-အမေရိကန် ဆက်ဆံမှု ဆက်လက် ဆိုးရွားသွား၍ မရတော့ဘဲ မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်ရမည် ဖြစ်သည်။ တရုတ်ဘက်သည် အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ပြီး အတူ အောင်မြင်မှု ရရှိရေး ဟူသော ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော အခြေခံမူ ၃ခု အတိုင်း တရုတ်-အမေရိကန် ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ရန် တစ်လျှောက်လုံး ဆောင်ရွက်နေသည်။ အမေရိကန်ဘက်သည် တရုတ်ပြည် အပေါ် မမှန်ကန်သည့် မဟာဗျူဟာ သိမြင်မှုကို ပြုပြင်သင့်ပြီး လက်တွေ့ဆောင်ရွက်မှုများဖြင့် တရုတ်ပြည် အပေါ် သမ္မတ ဘိုင်ဒင်မှ “မကြိုးပမ်းလိုသောအချက်လေးချက်နှင့် မလုပ်ဆောင်လိုသော အချက်တစ်ချက်” ဟူသော ကတိပြုချက်များကို ဖော်ဆောင်ကာ အထူးသဖြင့် ထိုင်ဝမ် ပြဿနာနှင့် ပတ်သက်၍ ချင့်ချင့်ချိန်ချိန် ပြောဆိုပြုမူ၍ အန္တရာယ်ရှိသည့် အခြေအနေသို့ မရောက်ရှိရန် ဆောင်ရွက်သင့်သည်။