ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-07-29 12:05:06  

ဇူလိုင်လ ၂၈ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက် အရ အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တို့သည် တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် နှစ်ဖက်စလုံး အလေးထား ကြသော ရေးရာများကို ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က မျက်မှောက်အချိန်တွင် ကမ္ဘာ့ မတည်မငြိမ်ဖြစ်မှုနှင့် ပြောင်းလဲမှု အရှိန်နှစ်မျိုး ဆက်တိုက် ဖြစ်ပွားနေပြီး ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အားနည်းမှုများ ဆက်တိုက် ထင်ရှား ပေါ်လွင်လာကြောင်း၊ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု များပြားသော ကမ္ဘာကြီးကို ရင်ဆိုင်လျက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့ ဦးစီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်၍ နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် စည်ပင် သာယာရေးကို တိုးမြှင့်ရန် နိုင်ငံတကာမိသားစုကြီးနှင့် နိုင်ငံအသီးသီးမှ ပြည်သူများက မျှော်လင့်နေကြောင်း၊ ယင်းသည် နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့၏ တာဝန်ဝတ္တရား ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က မဟာဗျူဟာ ယှဉ်ပြိုင်မှု ရှုထောင့်မှ တရုတ်နှင့် အမေရိကန် ဆက်ဆံမှုကို ရှုမြင်ပြီး အဓိပ္ပါယ် သတ်မှတ်ခြင်းနှင့် တရုတ်နိုင်ငံကို အဓိကအကျဆုံး ပြိုင်ဘက်နှင့် အတင်းမာဆုံးသော ရေရှည် စိန်ခေါ်မှုအဖြစ် ရှုမြင်ထားခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု အပေါ် မှားယွင်းသော အကဲဖြတ်ခြင်းနှင့် တရုတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှားယွင်းသော နားလည်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာ မိသားစုကြီးအား မှားယွင်းသော အချက်ပြမှုဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် အဆင့်ဆင့်သော ကူးလူးဖလှယ်မှုကို ထိန်းသိမ်း ထားပြီး လက်ရှိ ကူးလူးဖလှယ်မှု လမ်းကြောင်းများကို ကောင်းမွန်စွာ အသုံးချကာ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ မျက်မှောက် အချိန်ကာလ၌ ကမ္ဘာ့စီးပွားရေး အခြေအနေတွင် စိန်ခေါ်မှုများ ပြည့်နှက်နေကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် မက္ကရို စီးပွားရေး မူဝါဒဆိုင်ရာ ညှိနှိုင်းမှု၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို ထိန်းသိမ်းရေး၊ နိုင်ငံတကာ စွမ်းအင်နှင့် စားနပ်ရိက္ခာ လုံခြုံမှု အားမခံပေးရေး စသည့် အရေးကြီး အကြောင်းကိစ္စများနှင့်ပတ်သက်ပြီး ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားသင့်ကြောင်း၊ ဥပဒေသကို ချိုးဖောက်ပြီး ကွင်းဆက် ချိတ်ဆက်မှုများကို ဖြတ်တောက်ခြင်းသည် အမေရိကန်စီးပွားရေး တိုးမြှင့်ရေးအတွက် အကျိုးရှိမည် မဟုတ်သည့်အပြင် ကမ္ဘာ့ စီးပွားရေးကိုလည်း ပိုမို အားနည်းစေမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့ အနေနှင့် ဒေသဆိုင်ရာ ပြဿနာများ လျော့နည်းလျော့ပါးလာစေရန် တွန်းအားပေးပြီး၊ ကမ္ဘာကြီးကို ကိုဗစ်-၁၉ ကူးစက်ရောဂါမှ အမြန်ဆုံး ကင်းလွတ်လာရန်၊ စီးပွားရေး သောင်တင်မှု၊ ငွေကြေးဖောင်းပွမှု အကျပ်အတည်းနှင့် ဆုတ်ယုတ်ဖွယ်ရာ အန္တရာယ်မှ ထွက်လာရန် တွန်းအားပေး၍ ကုလသမဂ္ဂကို အမြုတေအဖြစ်ထားသည့် နိုင်ငံတကာ စည်းစနစ်နှင့် နိုင်ငံတကာ ဥပဒေကို အခြေခံအဖြစ်ထားသည့် နိုင်ငံတကာ အစီအစဉ်ကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်သည် ထိုင်ဝမ်ရေးရာတွင် တရုတ်နိုင်ငံ၏ မူရပ်တည်ချက်ကိုလည်း အဓိကထား ရှင်းလင်းဖေါ်ပြပါသည်။ ရှီကျင့်ဖိန်က ထိုင်ဝမ်ရေးရာ၏ သမိုင်းဆိုင်ရာ အကြောင်းအရာများသည် ရှင်းရှင်းလင်းလင်းဖြစ်ပြီး ရေလက်ကြားနှစ်ဖက်ကမ်းသည် တရုတ်ပြည် တစ်ပြည်တည်းသာဖြစ်သည့် အဖြစ်မှန်သည် ရှင်းလင်း ပြတ်သားကြောင်း၊ တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်သည် နှစ်ဖက်တို့၏ နိုင်ငံရေးဆိုင်ရာ ကတိပြုချက် ဖြစ်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးဆိုင်ရာ အခြေခံ ဖြစ်ကြောင်း၊ မိမိတို့သည် ထိုင်ဝမ် သီးခြား တည်ရှိရေး အင်အားစု၏ သွေးခွဲမှုနှင့် ပြည်ပအင်အားစုမှ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ တရုတ်အစိုးရနှင့် ပြည်သူများ၏ ထိုင်ဝမ်ရေးရာတွင် ရပ်တည်ချက်သည် အစဉ်တစိုက်ဖြစ်ပြီး တရုတ်နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ခြင်းသည် သန်းပေါင်း ၁၄၀၀ ကျော်သည့် တရုတ်ပြည်သူများ၏ ခိုင်ခံ့သော ဆန္ဒပင် ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် အပြောနှင့်အလုပ် ကိုက်ညီပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို လိုက်နာ၍ တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ကို လိုက်နာ ကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဘိုင်ဒန်က မျက်မှောက် ကမ္ဘာကြီးသည် သော့ချက်ကျသော အချိန်ကာလ၌ တည်ရှိနေပြီး အမေရိကန်နှင့် တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးရှိရုံသာမက နိုင်ငံအသီးသီးမှ ပြည်သူများအတွက်လည်း အကျိုးရှိ ပါကြောင်း၊ အမေရိကန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုကို ထိန်းသိမ်း ထားနိုင်ရန်၊ အပြန်အလှန် နားလည်မှုကို တိုးမြှင့်ရန်၊ မှားယွင်းသော နားလည်မှုနှင့် အကဲဖြတ်မှုကို ရှောင်ရှားနိုင်ရန်၊ အကျိုးတူ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ဖို့ ရှာကြံရန်၊ တစ်ချိန်တည်းတွင် သဘောကွဲလွဲမှုများကို သင့်လျော်စွာ ထိန်းချုပ်နိုင်ရန် မျှော်လင့် ကြောင်း၊ အမေရိကန်၏ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒသည် ပြောင်းလဲခြင်း မရှိသလို ပြောင်းလဲမည်လည်း မဟုတ်ကြောင်းနှင့် အမေရိကန်က ထိုင်ဝမ် သီးခြားတည်ရှိ ခြင်းကို မထောက်ခံကြောင်းကို ထပ်လောင်း အတည်ပြုပြောလိုပါကြောင်း ပြောကြား ခဲ့ပါသည်။