ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတ ဂျိုကိုနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-07-27 11:36:40  

   တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက ပီကင်း တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ အင်ဒိုနီးရှား သမ္မတ ဂျိုကိုနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အတူတကွ အလေးထားကြသော နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်း ဘက်စုံ လေးနက်စွာ ဖလှယ်ခဲ့ကြပြီး အရေးကြီး သဘောတူညီမှုများကို ရရှိခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်များတွင် မိမိတို့၏ လက်တွဲ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးသည် ရှင်သန်စွာ တိုးတက်လာပြီး အားကောင်းသော ခိုင်ခံ့မှုနှင့် ရှင်သန်မှု များကို ပေါ်လွင်လာကြောင်း၊ နှစ်ဖက်အကြား မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုသည် ဆက်တိုက် ခိုင်မာလာပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ ပင်လယ်ရေးရာ များ၌ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာပြီး ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးနှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်၍ တက်ကြွစွာ ကြိုးပမ်း ဆောင်ရွက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံကြီးများအကြား ပူးပေါင်းဆောင်ရွက်ပြီး ကိုယ့်ခွန်ကိုယ့်အား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စံနမူနာကို ထူပြထားကြောင်း၊ မိမိသည် သမ္မတနှင့်အတူ မဟာဗျူဟာ ရှုထောင့်နှင့် ရေရှည် ရှုထောင့်မှ နှစ်နိုင်ငံ ဆက်ဆံမှု ရေရှည် တိုးတက်ရန် ဆက်လက် ဦးစီးဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြု၍ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုလိုပါကြောင်း ပြောကြားပါသည်။
   ဂျိုကိုက အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံများ ဖြစ်ပြီး ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် အရေးကြီး ရည်မှန်းချက်ကို ချမှတ်ထားကြောင်း၊ နှစ်ဖက်အကြား အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ပြည်သူများအတွက် သုခချမ်းမြေ့မှုများကို ဆောင်ကြဉ်းလာသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အရေးကြီး အကျိုးပြုစွမ်းဆောင်မှုများ ဆောင်ကြဉ်း လာကြောင်း၊ လာမည့်နှစ် အာဆီယံ၏ ဥက္ကဋ္ဌနိုင်ငံ အဖြစ် အင်ဒိုနီးရှားသည် အာဆီယံနှင့် တရုတ် ဆက်ဆံမှု တိုးတက်ရေးအတွက် တက်ကြွစွာ ကြိုးပမ်းလိုပါကြောင်း ပြောကြား ပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် တရုတ်နှင့် အင်ဒိုနီးရှား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲ ပူးတွဲ သတင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ပိုးလမ်းမကြီး စီးပွားရေးစင်္ကြံနှင့် ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး အဆိုပြုချက်၊ “နိုင်ငံတကာ ပင်လယ် ဗဟိုချက်မများ ကြံဆချက်” ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု အမှာစာတမ်း၊ ကာကွယ်ဆေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာကွန်ရက် လုံခြုံရေး၊ ပင်လယ် ရေးရာ စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကိုလည်း ချုပ်ဆို ခဲ့ကြပါသည်။