ရှီကျင့်ဖိန်သည် ဒုတိယအကြိမ် တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖိုရမ်ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-26 13:42:17  

ယခုလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ် တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖိုရမ်ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နှင့် အာဖရိကတို့သည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားပြီး အချင်းချင်း ကာကွယ်စောင့်ကြပ်ထောက်ကူကြသည့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ညီရင်းအစ်ကိုကောင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာသည် နှစ်ပေါင်းတစ်ရာအတွင်း မကြုံစဖူးသောအခြေအနေ ပြောင်းလဲမှုကို ရင်ဆိုင်နေရပြီး ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသေးကာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ အဆက်မပြတ် ဖြစ်ပေါ်လာ၍ လူသားတို့သည် မကြုံစဖူး ကြီးမားခက်ခဲသော စိန်ခေါ်မှု များကို ရင်ဆိုင်နေရကြောင်း၊ ရေရှည်ငြိမ်းချမ်းရေးနှင့် ကျယ်ပြန့်သော လုံခြုံရေးကို အကောင်အထည် ဖော်ဆောင်ရေးသည် တရုတ်နှင့် အာဖရိက ပြည်သူများ၏ ဘုံလိုအင်ဆန္ဒ ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် တရားမျှတမှုနှင့် အကျိုးစီးပွားဆိုင်ရာ မှန်ကန်သော အမြင်နှင့် တန်းတူညီမျှရေး၊ အပြန်အလှန် ယုံကြည်ရေးနှင့် ကူညီပံ့ပိုးရေး၊ စည်းလုံးညီညွတ်ရေး၊ အပြန်အလှန် အကျိုးရှိစေရေး၊ အပြန်အလှန် သိရှိနားလည်ရေး၊ သင့်မြတ်သာယာစွာ အတူယှဉ်တွဲနေထိုင်ရေး စသည့် ခံယူချက်များကို စွဲကိုင်ပြီး အာဖရိကနှင့် ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေကြောင်း၊ အာဖရိက မိတ်ဆွေများနှင့် အတူတကွ ထမ်းဆောင်ခြင်း၊ ကဏ္ဍမျိုးစုံရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရေရှည်တည်ရှိနိုင်ခြင်း ဖြစ်သည့် လုံခြုံရေး အမြင်သဘောကို စွဲကိုင်ပြီး ကုလသမဂ္ဂကို အမြုတေထားသည့် နိုင်ငံတကာ စနစ်ကို ထိန်းသိမ်းကာကွယ်ကာ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်၍ ကမ္ဘာ့ လုံခြုံရေး အဆိုပြုချက်ကို အကောင်အထည်ဖော်ဆောင်ရန် တွန်းအားပေးပြီး ခေတ်ကာလသစ် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် လက်တွဲကြိုးပမ်းလိုကြောင်း ဖော်ပြသည်။

ဒုတိယအကြိမ် တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်ကို ယခုလ ၂၅ရက်နေ့က ဗီဒီယိုပုံစံဖြင့် ကျင်းပခဲ့ကြောင်း၊ ဆောင်ပုဒ်မှာ “စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပြုလုပ်ပြီး ဘုံလုံခြုံရေးကို အကောင်အထည်ဖော်ဆောင်ရန်” ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနသည် ဦးစီးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။