“တရုတ်ပြည်ကို ရည်ညွှန်းလုပ်ဆောင်ခြင်းဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးထက် အရေးကြီးတယ်”တဲ့၊ ဗြိတိန် ထောက်လှမ်းရေးခေါင်းဆောင်ရဲ့ ဒီစကား ယုတ္တိ ကင်းမဲ့ လွန်းတယ်

(GMT+08:00)2022-07-26 13:07:47  

မကြာခင်က အမေရိကန် ကိုလိုရာတို ပြည်နယ် အာစပင် မြို့မှာ နှစ်ပတ်လည် အာစပင် လုံခြုံရေးဖိုရမ်ကို ကျင်းပခဲ့တယ်။ နိုင်ငံများစွာမှ ထောက်လှမ်းရေး ခေါင်းဆောင်များ၊ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများနဲ့ ကာကွယ်ရေး ဝန်ကြီး များက ဖိုရမ်ကို တက်ရောက်ခဲ့ကြတယ်။ ဖိုရမ်ကို တက်ရောက်တဲ့ ဗြိတိန် လျှို့ဝှက် သတင်းအချက်အလက် ဦးစီးဌာန SIS ညွှန်ကြားရေးမှူးချုပ် Richard Moore က အင်တာဗျူး လက်ခံဖြေကြားရာမှာ တရုတ်နိုင်ငံဟာ SIS ရဲ့ အရေးအကြီးဆုံး သတင်းအချက်အလက်ဆိုင်ရာ တာဝန် ဖြစ်လာပြီဖြစ်ပြီး အရေးကြီးပုံဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ကျော်လွန်ပြီလို့ ဆိုခဲ့တယ်။

အဲဒါဟာ Richard Moore က ပထမဆုံးအကြိမ် ပြည်ပနိုင်ငံမှာ မီဒီယာရဲ့ အင်တာဗျူးကို လက်ခံဖြေကြားတာ ဖြစ်တယ်။ ဒါဆို ဗြိတိန် ထောက်လှမ်းရေး ခေါင်းဆောင် အဖြစ် Richard Moore က နိုင်ငံတကာဆိုင်ရာ နေရာတွေမှာ ကိုယ့်ရဲ့ အသံကို ချန်ထား ချင်တဲ့ လုပ်ရပ်ဟာ သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချက် တစ်ချက် ကတော့ မုချဧကန် ပါပဲ၊ ယုတ္တိမဆန်လှတဲ့စကား လျှောက်ပြောတာဟာ ရည်ရွယ်ချက် ထမြောက်နိုင်မှာ မဟုတ်ဘူး။ Richard Moore က ဝါဒဖြန့်နေတဲ့ တရုတ် ခြိမ်းခြောက်မှု ဆိုတာဟာ အမှန်တော့ ဆိုးသွမ်းတဲ့ရည်ရွယ်ချက်နဲ့ အိုးမည်းသုတ် ပုတ်ခတ်ပြောဆိုခြင်း ဖြစ်ပြီး အဖြစ်မှန် လုံးဝ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်များက ဗြိတိန်မှာ အကြမ်းဖက် တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပွား ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလကပဲ ဗြိတိန် အစိုးရက အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားတဲ့ အရေးအခင်းကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုအထိ ဗြိတိန် လူမျိုးများက ထိတ်လန့်နေပါသေးတယ်။ ဗြိတိန်ရဲ့ ထောက်လှန်ရေး ခေါင်းဆောင် က တရုတ်နိုင်ငံကို နာမည်ဖျက်ဖို့အတွက်နဲ့ အမေရိကန်ရဲ့ ကြံရာပါ လုပ်ဖို့အတွက် “တရုတ်ပြည်ကို ရည်ညွှန်းလုပ်ဆောင်ခြင်းဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးထက် အရေးကြီးတယ်” ဆိုတဲ့ ယုတ္တိကင်းမဲ့လွန်းတဲ့ စကားတောင် ပြောလိုက်သေးတယ်။ အကြမ်းဖက် တိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတဲ့ ဗြိတိန် လူမျိုးများက ဒီစကားကို ကြားရ ပြီးတော့ ဘယ်လို ခံစားချက်မျိုး ရှိနိုင်မလဲလို့ မေးခွန်း ထုတ်သင့်ကြောင်း China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။