အမေရိကန်ရဲ့ “ချစ်ပ်ပြား ဥပဒေကြမ်း” “အကာအရံ” ဟာ ကိုယ့်ကိုယ်ကိုယ် တားမြစ်သလိုသာ ဖြစ်နေမည်

(GMT+08:00)2022-07-23 16:07:42  

မကြာခင်က အမေရိကန် အထက်လွှတ်တော်မှာ “ချစ်ပ်ပြား ဥပဒေကြမ်း” ရဲ့ အစီအစဉ် ဆိုင်ရာ မဲပေးမှု ပြုလုပ်ခဲ့ပြီး အထက်နဲ့ အောက်လွှတ်တော်ရဲ့ မဲပေးဆုံးဖြတ်မှုအတွက် လမ်းခင်း ပေးထားပါတယ်။ အဲဒီ ဥပဒေကြမ်းအရ အမေရိကန်ဟာ လုပ်ငန်းကုမ္ပဏီများကို အမေရိကန်မှာ စက်ရုံများ တည်ဆောက်ဖို့ ဒေါ်လာ ဘီလီယံ ၅၀ ကို ထုတ်ပေးပြီး ထောက်ပံ့ကြေးပေးတဲ့ နည်းလမ်းနဲ့ အမေရိကန်ရဲ့  တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်မှု လုပ်ငန်း ဖွံ့ဖြိုးမှုကို တွန်းအားပေးမှာ ဖြစ်ကြောင်း၊ ဒီဥပဒေကြမ်းဟာ အမေရိကန်ရဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုလုပ်ငန်းအတွက် “အကာအရံ” ထားပေးမှာ ဖြစ်ပြီး ထောက်ပံ့ကြေးရရှိတဲ့ ကုမ္ပဏီများကို တရုတ်ပြည်မှာ ငွေရင်းမြှုပ်နှံမှု ပြုလုပ်ဖို့ တားမြစ် ကန့်သတ်မှာ ဖြစ်ကြောင်း အမေရိကန် မီဒီယာမှ ဖေါ်ပြထားပါတယ်။

   ချစ်ပ်ပြားလုပ်ငန်းဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာပြီး လုပ်ငန်းတစ်ရပ်အနေနဲ့ နိုင်ငံအသီးသီးတို့ ညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ ချစ်ပ်ပြား ထုတ်လုပ်မှု ကွင်းဆက်နဲ့ ဖြန့်ဖြူးမှုကွင်းဆက်များ ဖြစ်တည်ခြင်းနဲ့ ဖွံ့ဖြိုးခြင်းဟာ ဈေးကွက် ဥပဒေသရဲ့ အကျိုးသက်ရောက်မှုရလဒ် ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ လုပ်ရပ်ဟာ ဈေးကွက်ဥပဒေသကို ချိုးဖောက်ပြီး နိုင်ငံတကာ ချစ်ပ်ပြား ထုတ်လုပ်မှု ကွင်းဆက်ကို ဖျက်ဆီးနေခြင်းသာ ဖြစ်ပါတယ်။

   အမေရိကန် နိုင်ငံရေးသမားတို့က အဲဒီဥပဒေကြမ်းကို အသုံးပြုပြီး တရုတ်နိုင်ငံရဲ့ ချစ်ပ်ပြား ထုတ်လုပ်မှုကို တားဆီးဖို့ ကြံစည်နေပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်ခြင်းဟာ ဈေးကွက် ဥပဒေသကို တားမြစ်နိုင်မှာ မဟုတ်သလို သိပံ္ပနည်းပညာ ဆက်သွယ်မှုကို ဖြတ်တောက်ခြင်းဟာလည်း တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုကို တားမြစ် နိုင်မှာ မဟုတ်ပါဘူး။ Bloomber မှ ထုတ်ပြန်ထားတဲ့ စာရင်းဇယားအရ ပြီးခဲ့တဲ့ သုံးလပတ် ၄ ခု ထဲမှာ သုံးလပတ်တိုင်း ကမ္ဘာပေါ်မှာ တိုးတက်မှု အမြန်ဆုံးသော ချစ်ပ်ပြား ကုမ္ပဏီ ၂၀ ခု ထဲမှာ ၁၉ ခုဟာ တရုတ်ကုမ္ပဏီများပဲ ဖြစ်ပါတယ်။ သူများကို တားမြစ်ချင်တဲ့ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့လုပ်ရပ်ဟာ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် တားမြစ်သလိုသာ ဖြစ်နေမည်ဟု China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။