ပြည်သူ့သဘောထားစုံစမ်းချက်အရ အာရပ်ပြည်သူများသည် အနောက်တိုင်းစတိုင် ဒီမိုကရေစီအား ယုံကြည်ချက်လျှော့နည်းလာ

(GMT+08:00)2022-07-23 14:40:37  


လတ်တစ်လောရက်ပိုင်းတွင် နိုင်ငံတကာပြည်သူ့သဘောထား စုံစမ်းရေးအဖွဲ့အစည်း “Arab Barometer” ကထုတ်ပြန်သည့် စုံစမ်းချက်အစီရင်ခံစာနှစ်ခုအရ အာရပ်နိုင်ငံပြည်သူအများစုက အနောက်တိုင်းစတိုင် ဒီမိုကရေစီစနစ်၏ထိရောက်မှုအပေါ် ယုံကြည်ချက်နည်းလာပြီး တရုတ်စတိုင်၏ဆွဲဆောင်မှုက တစ်နေ့တစ်ခြား တိုးများလာသည်ဟုဆိုသည်။

အဆိုပါစုံစမ်းမှုတွင် မော်ရိုကို၊ တူနီးရှား၊ အီရတ်၊ ဆူဒန်၊ လစ်ဗျား၊ ဂျော်ဒန်၊ လက်ဘနွန်၊ မော်ရီတေးနီးယားနှင့် ပါလက်စတိုင်းစသည့် နိုင်ငံပေါင်း ၉ နိုင်ငံပါဝင်ပြီး လူပေါင်း ၂၃၀၀၀ ဖြေကြားခဲ့သည်။ အထက်ပါစုံစမ်းမှုအရ “Arab Barometer” သည် ဇူလိုင်လဆန်းပိုင်းတွင် ၎င်း၏ website ၌ “အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၏ဒီမိုကရေစီ” ၊ “တရုတ် အမေရိကန်က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် ယှဉ်ပြိုင်မှုအပေါ် အများပြည်သူ၏အမြင်” ဟူသည့်ခေါင်းစဉ်ဖြင့် စုံစမ်းရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

 “အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၏ဒီမိုကရေစီ” အစီရင်ခံစာ၌ လွန်ခဲ့သည့် ၁၀ နှစ် အထူးသဖြင့် လွန်ခဲ့သည့် ၅ နှစ်တွင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသရှိ အာရပ်နိုင်ငံပြည်သူများက အနောက်တိုင်းစတိုင် ဒီမိုကရေစီ၏ ကောင်းကျိုးကို တစ်နေ့တစ်ခြား သံသယဝင်လာကြကြောင်း၊ ပိုမိုများပြားသည့်ပြည်သူများက အနောက်တိုင်းစတိုင် ဒီမိုကရေစီစနစ်သည် “စီးပွားရေးမြှင့်တင်ရေး၊ လူနေမှုအဖွဲ့အစည်းအစီအစဉ် တည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းမှုနှင့် အစိုးရက ပြတ်ပြတ်သားသားဆောင်ရွက်ရန်တို့အတွက် အကျိုးမရှိ” ဟု ယူဆလာကြသည်ဟု ဖော်ပြထားသည်။ တူနီးရှားနှင့် အီရတ်မှ မေးခွန်းဖြေကြားသူများကြားတွင် အနောက်တိုင်းစတိုင်ဒီမိုကရေစီစနစ်သည် အထက်ပါအားနည်းချက်များတည်ရှိသည်ဟု ယခုယူဆသည့်အချိုးအဆသည် လွန်ခဲ့သည့် ၁၀ နှစ်ကထက် ၅၀% နီးပါးတိုးများလာသည်။ စုံစမ်းသည့်နိုင်ငံတိုင်းတွင် မေးမြန်းခံရသူပေါင်း တစ်ဝက်နှင့်အထက်က ၎င်းတို့သည် အစိုးရကမူဝါဒဖော်ဆောင်မှုအား ထိရောက်စွာအကောင်အထည်ဖော်နိုင်ခြင်းရှိမရှိအား ပိုမိုဂရုပြုသည်ဟု ယူဆကြသည် သို့မဟုတ် ပြင်းပြင်းထန်ယူဆကြသည်။

 “တရုတ် အမေရိကန်က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် ယှဉ်ပြိုင်မှုအပေါ် အများပြည်သူ၏အမြင်” အစီရင်ခံစာတွင် တရုတ်နိုင်ငံက “Belt and Road” အဆိုပြုချက်မှတစ်ဆင့် အဆိုပါဒေသနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်မှုကို မြှင့်တင်လိုက်ကြောင်း၊ အမေရိကန်ကမူ အဆိုပါဒေသမှအသုံးစရိတ်ကိုလျှော့ချ၍ မဟာဗျူဟာဗဟိုအား အာရှပစိဖိတ်ဒေသသို့ ပြောင်းလဲလာကြောင်းဆိုထားသည်။ ထို့ကြောင့် စုံစမ်းသည့် နိုင်ငံ ၉ နိုင်ငံများတွင် မော်ရိုကိုမှလွဲ၍ အခြားနိုင်ငံများ၌ တရုတ်နိုင်ငံသည် အမေရိကန်ထက် ပိုမိုနှစ်သက်ခြင်းခံရသည်။ အဆိုပါနိုင်ငံ ၈ နိုင်ငံအတွင်း၌ အနည်းဆုံး မေးမြန်းခံရသူ ၃ ပုံ ၁ ပုံက အမေရိကန်သည် ပြင်းထန်သည့် စီးပွားရေးခြိမ်းခြောက်မှုဖြစ်သည်ဟု ယူဆကြပြီး တရုတ်နိုင်ငံသည် အမေရိကန်ထက် စီးပွားရေးအပိုင်းတွင်ပိုမိုကြီးမားသည့်ခြိမ်းခြောက်မှုရှိသည်ဟု မည်သည့်နိုင်ငံမျှ မယူဆကြပေ။ နိုင်ငံအားလုံးနီးပါးက အမေရိကန်၏ကူညီမှုသည် အဆိုပါနိုင်ငံအပေါ်လွှမ်းမိုးမှု ရယူရန်ဖြစ်သည်ဟု ယူဆကြပြီး ဒေသခံပြည်သူများက တရုတ်နိုင်ငံ၏ကူညီမှုအပေါ် သံသယဝင်သည့်အတိုင်းအတာသည် အမေရိကန်ပေါ်ထက်နည်းပါသည်။

အစီရင်ခံစာ၌ အနောက်တိုင်းစတိုင်ဒီမိုကရေစီစနစ်၏ ထိရောက်မှုစွမ်းရည် မလုံလောက်ကြောင်း၊ အမေရိကန်က ဒေသန္တရအပေါ်စီးပွားရေးဆိုင်ရာခြိမ်းခြောက်မှုနှင့် ဒေသခံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာမှေးမှိန်ခြင်းစသည့် အကြောင်းအချက်များကို ဖော်ပြထားပြီး အာရပ်ဒေသပြည်သူများက အခြားနိုင်ငံရေးစနစ် ဥပမာအားဖြင့် တရုတ်ပုံစံဖော်ဆောင်ရန် တွန်းအားပေးလျက်ရှိကြောင်း ဖော်ပြထားသည်။ စုံစမ်းသည့်အစီရင်ခံစာရေးသားသူ၊ အမေရိကန် Princeton University မှ ပါမောက္ခ Michael Robbins က လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း၌ အဆိုပါပုံစံသည် တရုတ်နိုင်ငံမှ လူဦးရေအများအပြားကို ဆင်းရဲနွမ်းပါးမှုပပျောက်သွားစေပြီး “ထိုကဲ့သို့ လျင်မြန်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လူအများအပြားက မျှော်လင့်တောင့်တကြပါတယ်” ဟုဆိုသည်။

Michael Robbins က ထို့အပြင် ယခုနှစ်တွင် ရုတ်တရက်ဖြစ်ပွားသော ရုရှား-ယူကရိန်းပဋိပက္ခက ဒေသတွင်းစားနပ်ရိက္ခာဘေးကင်းမှုပြဿနာကို ဆိုးရွားသွားစေသကဲ့သို့ အရှေ့အလယ်ပိုင်း မြောက်အာဖရိကဒေသမှလူများ မိမိနိုင်ငံ အနာဂတ်စီးပွားရေးအခြေအနေပေါ် အဆိုးမြင်လာစေကာ အနောက်တိုင်းစတိုင် ဒီမိုကရေစီအပြင် နိုင်ငံရေးစနစ်အား ရှာဖွေလာစေသည်။

အစီရင်ခံစာနောက်ဆုံး၌ တရုတ်နိုင်ငံသည် ကိုလိုနီဝါဒမဟုတ်သောနိုင်ငံဖြစ်သဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသကိစ္စရပ်များကို တိုက်ရိုက်စွက်ဖက်ခြင်းမရှိကြောင်း၊ များမကြာမီသောအနာဂတ်တွင် တရုတ်နိုင်ငံက အမေရိကန်ထက်ပိုမိုနှစ်သက်ခြင်းခံရနိုင်ကြောင်း ရေးသားဖော်ပြထားသည်။