ကူးစက်ခံရသူ သန်း၉၀ရှိခြင်းသည် “အမေရိကန်ဘေးဆိုး”၏ ခရီးဆုံး မဟုတ်

(GMT+08:00)2022-07-22 16:39:46  

အမေရိကန် Johns Hopkinsတက္ကသိုလ်မှ စာရင်းအရ ပီကင်း စံတော်ချိန် ယခုလ ၂၁ရက်နေ့ ၆နာရီ ၂၁မိနစ် အထိ အမေရိကန်တွင် ကိုဗစ် ၁၉ ကူးစက်ခံရသူ စုစုပေါင်း ဦးရေမှာသန်း၉၀နှင့် ၁သောင်းကျော် ရှိပြီး ကိုဗစ် ၁၉ကြောင့် စုစုပေါင်း သေဆုံးသူ ဦးရေမှာ ၁သန်း ၂သောင်းကျော် ရှိကာ ကမ္ဘာပေါ်တွင် အများဆုံး  ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စူပါနိုင်ငံကြီး ဖြစ်သော်လည်း ကပ်ရောဂါ တိုက်ဖျက်ရေး ရှုံးနိမ့်မှု အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ယင်းထင်ရှားကြီးမားသော ခြားနားခြင်းသည် အမေရိကန် နိုင်ငံရေး စနစ်နှင့် တိုင်းပြည် စီမံအုပ်ချုပ်ရေး ဆိုင်ရာ ချွတ်ယွင်းမှုကို ရောင်ပြန်ထင်ဟပ် သည့်အပြင်၊ အမေရိကန် နိုင်ငံရေး သမားများက ပြည်သူများ၏ အသက်လုံခြုံမှု အပေါ် နိုင်ငံရေး အကျိုးစီးပွား လွှမ်းမိုးခြင်းကိုလည်း ပြသနေသည်။

ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အမေရိကန်သည် ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို တဖြည်းဖြည်း လျှော့ပေါ့ပြီး ပြည်နယ်များစွာသည် “နှာခေါင်းစည်း တပ်ဆင်ခြင်း”အမိန့်ကို ရှေ့ဆင့် နောက်ဆင့် ဖျက်သိမ်းကာ ကိုဗစ် ၁၉ ဗိုင်းရပ်စ် စစ်ဆေးရေး စခန်းများကိုလည်း စတင် ပိတ်ခဲ့သည်။ ခရီးသွားစသည့် စီးပွားရေး လုပ်ငန်းများ နာလန်ပြန်ထူလာစေရန် အတွက် အမေရိကန်သည် ဇွန်လ ၁၂ရက်နေ့မှစ၍ အမေရိကန်သို့ ဝင်ရောက်ရန် နိုင်ငံတကာ ခရီးသည်များ၏ ကျန်းမာရေး သက်သေခံ လက်မှတ် ဆိုင်ရာ တောင်းဆိုချက်ကို ထင်ရှားစွာ လျှော့ပေါ့ခဲ့သည်။ အများပြည်သူ့ ကျန်းမာရေး ပညာရှင်များက ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်မှန်သမျှကို အလွန်လျင်မြန်စွာ လျှော့ပေါ့ခြင်းသည် မှားယွင်းမှု ဖြစ်ကြောင်း သတိပေး ပြောကြားသည်။ သို့သော် ယင်းဆင်ခြင်မှုရှိသည့် အသံကို “လူ့အခွင့်အရေး”လို့အော်ဟစ်နေသော နိုင်ငံရေး သမားများသည် မနားထောင်လိုပေ။

လက်ရှိအချိန်တွင် အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ အချိန် ကျရောက်လုနီးနီး ဖြစ်သည်။ ပါတီ၂ခု အကြားရှိ တိုက်ခိုက်မှုသည် ပိုမိုပြင်းထန်လာသည်။ ပြည်တွင်း ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် သေနတ် အကြမ်းဖက်မှု ကြိမ်ဖန်များစွာ ဖြစ်ပွားခြင်း စသည့် ပြဿနာများကို ရင်ဆိုင်နေရသည့် အမေရိကန်သည် ကပ်ရောဂါ တိုက်ဖျက်ရေးကို အရေးမထားနိုင်ဘဲ ဘေးဖယ်ထား နေသည်။ ထို့ကြောင့် အမေရိကန်၏ ကပ်ရောဂါ ကူးစက်ခံရသူ ဦးရေသည် အဆက်မပြတ် တိုးပွားလာမည်မှာ မုချမလွဲ ဖြစ်၍ ကူးစက်ခံရသူ သန်း၉၀ရှိခြင်းသည် “အမေရိကန်ဘေးဆိုး”၏ ခရီးဆုံး မဟုတ်ပေ။

အမေရိကန် National Institute of Allergy and Infectious Diseases (NIAID) ဒါရိုက်တာချုပ် Anthony S. Fauciက အမေရိကန်၏ ကပ်ရောဂါ အခြေအနေ ပြီးဆုံးရန် အချိန်များစွာ လိုနေသေးကြောင်း၊ ယခုနှစ် ဆောင်းဦးရာသီတွင် ကပ်ရောဂါ အတိုင်းအတာ ကြီးမားစွာ ကူးစက်ပြန့်ပွားသည့် အချိန်ကာလသစ် ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိကြောင်း အကြိမ်ပေါင်း များစွာ သတိပေး ပြောကြားခဲ့သည်။

ယခုနှစ် မေလ အလယ်ပိုင်းက အမေရိကန်တွင် ကိုဗစ် ၁၉ ကြောင့် စုစုပေါင်း သေဆုံးသူ ဦးရေ ၁သန်းရှိသည့် အချိန်တွင် သမ္မတ ဘိုင်ဒင်က ယင်းသည် ကြေကွဲဖွယ် မှတ်တိုင် တစ်ခု ဖြစ်ကြောင်း ဖော်ပြသည့် အပြင်၊ အမေရိကန် ပြည်သူများအား ယင်းကြေကွဲမှု အပေါ် ပူဆွေးမနေ ရန် ပန်ကြားခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ကပ်ရောဂါ အခြေအနေ အပေါ် ပူဆွေးနေသူသည် ဝါရှင်တန် နိုင်ငံရေး သမားများပင် ဖြစ်သည်။ ယင်းသည် ကြီးမားသည့် ဇောက်ထိုးစကားပင် ဖြစ်သည်။