အမေရိကန်နှင့် ဗြိတိန်၏ အကြမ်းဖက်မှုများကို တရားမျှတသော စစ်ဆေးစီရင်မှု ပြုလုပ်သင့်

(GMT+08:00)2022-07-19 16:41:27  

ဗြိတိန် စစ်ဘက်၏ အစီရင်ခံစာများ၊ e-mailများနှင့် ကျည်ဆန်အပေါက်များ၏ ဓါတ်ပုံများစသည့် အထောက်အထားများကို BBCမှ စုံစမ်းစစ်ဆေးမှု အရ အာဖဂန် နိုင်ငံ ဆိုင်ရာ ဗြိတိန် Special Air Service (SAS)တပ်ဖွဲ့ဝင်ဟောင်းများသည် သုံ့ပန်းများနှင့် အရပ်သူအရပ်သားများအား သတ်ဖြတ်မှုကို ကြိမ်ဖန်များစွာ ပြုလုပ်ပြီး သတ်ဖြတ်မှု ပြိုင်ပွဲကိုတောင် ကျင်းပခဲ့ကြောင်း၊ တပ်ဖွဲ့ တစ်ဖွဲ့သည် အာဖဂန်တွင် ချထားသည့် ၆လကြာ အချိန်ကာလ အတွင်း လူ၅၄ဦးကို တရားမဝင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ဗြိတိန် The Guardianသတင်းစာမှ ခေါင်းကြီးပိုင်းတွင် လက်ရှိ အထောက်အထားများသည် ဗြိတိန် တပ်သားများက အာဖဂန်၌ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းကို ပြဆိုနေကြောင်း ရေးသား ဖော်ပြသည်။

သို့သော် ၄င်းပြစ်မှုကျူးလွန်မှုများကို ဖော်ထုတ်ဖွင့်ချခဲ့သည့် နောက်ပိုင်းတွင် ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ဝန်ချတောင်းပန်မှုနှင့် အရေးယူမှုများကို မပြုဘဲ “BBC၏ သတင်းထုတ်ပြန်ချက်ပါ အကြောင်းအရာများ တာဝန်သိမှု မရှိသလို မမှန်ကန်ကြောင်း”လည်း ပြစ်တင်ရှုတ်ချခဲ့သည်။

အမှန်တကယ်တော့ အပြစ်မဲ့သူများအား သတ်ဖြတ်မှုကို ပြုလုပ်သူမှာ ဗြိတိန် တပ်ဖွဲ့သာ မကပေ။ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလက သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် အာဖဂန်၌ သြစတြေးလျ တပ်သားများ၏ အရပ်သူအရပ်သားများကို သတ်ဖြတ်သည့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို သေသေချာချာ ဖော်ပြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြင်းထန်သော ပြစ်တင်ရှုတ်ချမှုများကို ခံခဲ့ရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်၏ ဝင်ရောက်ကျူးကျော်မှုကြောင့် အာဖဂန်တွင် သေဆုံးသူ ဦးရေမှာ ၁သိန်း၇သောင်း၎ထောင်ရှိသည်၊ ယင်းအနက် အရပ်သူ အရပ်သား ဦးရေမှာ ၃သောင်း ရှိသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန် တပ်ဖွဲ့မှ အီရတ်၊ အာဖဂန်၊ ဆီးရီးယားနှင့် ယီမင်စသည့် နိုင်ငံများတွင် ပြုလုပ်ခဲ့သော လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ပေါင်း ၉သောင်းကျော်ကြောင့် အရပ်သူ အရပ်သား ၄သောင်း၈ထောင်ထက်မနည်း သေဆုံးခဲ့ရကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

ပိုမိုဆိုးရွားသည့် အချက်တစ်ချက်ကတော့ ၄င်းပြစ်မှုကျူးလွန်မှုများကို ဖွင့်ချဖော်ထုတ်ခဲ့သည့် နောက်ပိုင်းတွင် အဆိုပါ အနောက်နိုင်ငံများသည် နည်းလမ်းမျိုးစုံဖြင့် အပြစ်ကို ရှောင်လွှဲချသည်။ Geneva Conventions၌ စစ်ပွဲတွင် အရပ်သူအရပ်သားများအား သတ်ဖြတ်မှု၊ ခြိမ်းခြောက်အ ကျပ်ကိုင်မှု၊ နှိပ်စက်မှုနှင့် နှင်ထုတ်မှုများကို မပြုရကြောင်း ရှင်းလင်းပြတ်သားစွာ သတ်မှတ်ထားသည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃နိုင်ငံတို့သည် စာချုပ်အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော်လည်း နိုင်ငံတကာ ဥပဒေနှင့် လူသားတို့၏ ပင်ကိုယ်အသိဥာဏ်ကို ထပ်ခါတလဲလဲ ကျောခိုင်းဖောက်ဖျက်ပြီး အပြစ်မဲ့ အရပ်သူအရပ်သားကို သတ်ဖြတ်သူ ဖြစ်လာသည်။ ၄င်းတို့၏ အကြမ်းဖက်မှုများသည် လူသား တစ်ရပ်လုံး အပေါ် ပြစ်မှုကျူးလွန်မှုဖြစ်၍ တရားမျှတသော စစ်ဆေးစီရင်မှု ခံသင့်သည်။