တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ထွက်ကုန်ပစ္စည်းများပြပွဲ မြန်မာသံရုံးမှ ကြီးမှူးကျင်းပ

(GMT+08:00)2022-07-19 16:40:40  

မြန်မာနှင့်တရုတ်နိုင်ငံရှိ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို တရုတ်ပြည်သူများ နားလည်နိုင်စေရန်၊ ခရီးသွားလာရေးကဏ္ဍ မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ထွက်ကုန်များ တရုတ်နိုင်ငံ၏ ဈေးကွက်တွင် ပိုမို တိုးချဲ့ထိုးဖောက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့ယဉ်ကျေးမှုနှင့် ထွက်ကုန်ပစ္စည်းများ ပြပွဲအခမ်းအနား (Myanmar Culture and Product Shows)ကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာသံရုံးမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုပြပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ပုလဲ၊ ကော်ဖီ၊ မြန်မာ့လက်ဖက်ရည်၊ မြန်မာ့ အဖျော်ယမကာ၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ အပါအဝင် မြန်မာ့ယဉ်ကျေးမှု အနုပညာ လက်ရာ မျိုးစုံဖြစ်သည့် ယွန်းထည်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် ထွက်ကုန်ပစ္စည်းအမျိုးမျိုးကို နမူနာ ပုံစံများဖြင့် ခင်းကျင်း၍ လည်းကောင်း၊ ဗီနိုင်းများ ချိတ်ဆွဲ၍လည်းကောင်း၊ လက်ကမ်းစာစောင်များခင်းကျင်း၍ လည်းကောင်း ပြသခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်စီးပွားလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ စသည်တို့မှ ဧည့်သည်တော် ၄၀၀ ကျော်ခန့် တက်ရောက်ခဲ့ပါသည်။